
လူနေအိမ်၊ ရပ်ကွက်လမ်းသွယ်၊ ယာဉ်မရပ်ရလမ်းများ၊ ရှော့ပင်းစင်တာ အစရှိသည့်နေရာများတွင် ဖွင့်လှစ်ထား သည့် စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့် ပုဂ္ဂလိကကျောင်းများနှင့် နိုင်ငံတကာကျောင်းများကို ဖွင့်လှစ်ခွင့်မပြုရန်နှင့် အစိုးရကျောင်းများကို အဆင့်မြှင့်တင်ရန် ကျောင်းသားမိဘများနှင့် ပြည်သူများက လိုလားနေကြောင်း သိရသည်။
ကျောင်းအင်္ဂါရပ် အဆောက်အအုံနှင့် အကျယ်အဝန်း သတ်မှတ်ချက်၊ ဝင်ဆံ့အင်အားအရ ကျော်လွန် လက်ခံထားပြီး စာသင်ခန်းအရေအတွက် မပြည့်မီသေးသည့် ပုဂ္ဂလိကကျောင်းများအား ပြင်ဆင်ချိန် ယာယီ တစ်နှစ်သတ်မှတ်ပေးထားပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့်ကျောင်းများကိုသာ ပုဂ္ဂလိကကျောင်းမှတ်ပုံတင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
" တချို့နေရာတွေမှာက ရပ်ကွက်ထဲမှာ ဖွင့်ထားတာတွေရော၊ လုံးချင်းတိုက်ခန်းထဲမှာ ဖွင့်ထားတာ တွေရောရှိတယ်။ ကျောင်းလွှတ်ပြီဆိုတာနဲ့ ကားတွေက သွားမရတော့ဘူး။ သွားတဲ့ကားတွေကလည်း ကလေး တွေကို သတိထားနေရတယ်" ဟု ရန်ကုန်မြို့တွင်း မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။ အချို့သော ကျောင်းများမှာ လူနေရပ်ကွက်လမ်းသွယ်များတွင် ဖွင့်လှစ်ထားခြင်း၊ တိုက်ခန်းကွန်ဒိုများတွင် ဖွင့်လှစ်ထားခြင်းကြောင့် ကျောင်းစံနှုန်းသတ်မှတ်ချက်နှင့်မကိုက်ညီခြင်း၊ ကျောင်းလွှတ်ချိန်တွင် ယာဉ်ကြော ပိတ်ဆို့မှုများဖြစ်ပွားခြင်းများရှိနေသဖြင့် ရပ်ကွက်နေပြည်သူများက ဝေဖန်မှုများလည်းရှိနေသည်။
ပညာရေးဝန်ကြီးဌာနက ပုဂ္ဂလိကကျောင်းများနှင့်ပတ်သက်ပြီး လာမည့်နှစ်တွင် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်ခွင့်ပြုချက်နှင့် ပတ်သက်ပြီး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများရှိပြီး အဆိုပါအချက်များကို ပြည့်စုံခြင်းမရှိသည့် ကျောင်းများကို မှတ်ပုံတင်ချပေးမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် အချက်များမှာ ၂ဝ၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဖွင့်လှစ်ခွင့်ပြုခဲ့သော ပုဂ္ဂလိကကျောင်းများအား ကျောင်း အင်္ဂါရပ်အဆောက်အအုံနှင့် အကျယ်အဝန်း သတ်မှတ်ချက်များ၊ ဝင်ဆံ့အင်အားအရ ကျော်လွန်လက်ခံထားသော စာသင်ခန်းအရေအတွက် မပြည့်မီ သေးသည့် ပုဂ္ဂလိကကျောင်းများအား ယခု ပညာသင်နှစ်အတွင်း ပြင်ဆင်ချိန် ယာယီတစ်နှစ် သတ်မှတ်ပေး ထားပြီးဖြစ်ကြောင်း၊ ၂၀၂၇-၂၀၂၈ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်စံနှုန်းများနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/ မရှိ ကျောင်းများအား မြို့နယ်၊ ခရိုင်၊ တိုင်းပညာရေးမှူးများ၊ ဒေသဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့များနှင့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့မှ စစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက်ညီ မှုရှိသည့် ပုဂ္ဂလိကကျောင်းများကိုသာ ပုဂ္ဂလိကကျောင်းမှတ်ပုံတင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။ သို့သော်လည်းရန်ကုန်မြို့ရှိ ပုဂ္ဂလိကကျောင်းအချို့မှာ လူနေအိမ်၊ ရပ်ကွက်လမ်းသွယ်၊ ယာဉ်မရပ်ရ လမ်းများ၊ ရှော့ပင်းစင်တာ အစရှိသည့်နေရာများတွင် ဖွင့်လှစ်ထားသည်များရှိနေပြီး ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် အချက်များနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရကြောင်း ပုဂ္ဂလိကကျောင်းပညာရေးအသိုင်း အဝိုင်းမှ သိရသည်။
“ ရန်ကုန်မှာရှိတဲ့ တချို့ကျောင်းတွေဆိုရင် ရှော့ပင်းစင်တာမှာ ဖွင့်ထားတာတွေလည်း အများကြီးရှိတယ်။ လုံးချင်းအိမ်ကိုလည်းဌားပြီး ကျောင်းဖွင့်ထားတာတွေလည်းရှိတယ်။ အဲ့ဒါတွေက သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူး။ အဲ့ဒီလို ဖွင့်ထားတာကလည်း တော်တော်များတယ်။ ပြီးတော့ လိုင်စင်ရောရှိရဲ့လားဆိုတာက မေးခွန်းထုတ်စရာဖြစ်နေတယ်။ ဥပမာ လိုင်စင်ရှိတဲ့ ကျောင်းက ၁၀၀ လောက်ရှိတယ်ဆိုရင် လိုင်စင်မရှိဘဲဖွင့် တဲ့ ကျောင်းတွေက ဒီထက်တောင်များနေနိုင်တယ်” ဟု ပညာရေးကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။
ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းချက်များတွင် အမျိုးသားသင်ရိုးညွန်တမ်းဖြင့် သင်ကြားသော ပုဂ္ဂလိကအခြေခံပညာကျောင်းများနှင့် နိုင်ငံတကာသင်ရိုးညွှွန်တမ်းဖြင့်သင်ကြားသော ပုဂ္ဂလိက ကျောင်း(International School)များတွင် ကျောင်းအင်္ဂါရပ်များတွင် မူလတန်းအဆင့်တွင် ကျောင်းသားတစ်ဦး လျှင် ကြမ်းပြင်ဧရိယာ အနည်းဆုံး ၁၂ စတုရန်းပေအောက် မလျော့နည်းခြင်း၊ စာသင်ခန်း၏အနံသည်အနည်း ဆုံး ၁၅ ပေရှိရမည်ဖြစ်ကာ၊ စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား ၄၀ ဦးထက်မပိုရဟု သတ်မှတ်ထားသည်။
အလားတူ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် ကျောင်းသားတစ်ဦးအတွက် စာသင်ခန်း ကြမ်းပြင်ဧရိယာသည် အနည်းဆုံး ၁၈ စတုရန်းပေရှိရမည်ဖြစ်ပြီး စာသင်ခန်းအနံသည် အနည်းဆုံး ၂၀ ပေရှိရမည်ဖြစ်ကာ စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား ၄၀ ဦးထက်မပိုရဟု သတ်မှတ်ထားသည်။
အမျိုးသားသင်ရိုးညွန်တမ်းဖြင့် သင်ကြားသော ပုဂ္ဂလိကအခြေခံပညာကျောင်းများတွင် နိုင်ငံတော် အလံကိုအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုရမည်ဖြစ်ကာ နိုင်ငံတော်ကဖွင့်လှစ်ထားသည့် အခြေခံ ပညာကျောင်းများ၏ ဖွင့်ရက်၊ ပိတ်ရက်နှင့် သင်ကြားရေး အစီအစဉ် အတိုင်းလိုက်နာရမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံတကာသင်ရိုးညွှွန်တမ်းဖြင့်သင်ကြားသော ပုဂ္ဂလိကကျောင်း(International School) များအနေဖြင့်လည်း ပုဂ္ဂလိကပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာရမည်ဖြစ်ပြီး နေ့စဉ်ကျောင်း တက်ချိန်တွင် နိုင်ငံတော်အလံကိုအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုရမည်ဖြစ်ကာ မြန်မာနိုင်ငံသား သင်ယူသူများအား ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေရန် အမျိုးသား သင်ရိုးညွန်းတမ်းကော်မတီက ရေးဆွဲထားသော သင်ရိုးညွန်းတမ်းအတိုင်း မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင် ဘာသာရပ်များကို သင်ကြားရမည်ဖြစ်သည်။
ယင်းအပြင် ပုဂ္ဂလိကကျောင်း(International School)များတွင် မြန်မာစာသင်ကြားလိုသော နိုင်ငံခြား သားသင်ယူသူများသည် သက်ဆိုင်ရာသင်ယူသူ၏ အဆင့်အခြေအနေနှင့် လိုက်လျောညီထွေသည့် အမျိုးသား သင်ရိုးညွှွန်းတမ်းကော်မတီက ရေးဆွဲထားသောသင်ရိုးညွန်းတမ်းအတိုင်း မြန်မာစာဘာသာရပ်ကို သင်ကြားရ မည့်အချက်များလည်း ပါဝင်သည်။ ထို့ပြင် ပုဂ္ဂလိကကျောင်းများအနေဖြင့် ကျောင်းပရိဝုဏ်တွင် စာသင်ခန်း အပြင် လက်တွေ့ခန်း၊ စာကြည့်တိုက်၊ အားကစားခန်းမနှင့် စားသောက်ခန်းမစသည့်နေရာသတ်မှတ်ချက်များလည်း ပါရှိရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရန်ကုန်မြို့အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နိုင်ငံတကာသင်ရိုး ညွန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိကကျောင်း International School ၂၅၂ ကျောင်းကို ဖွင့်လှစ်ခွင့်ပြုထားသည်။ ဖွင့်လှစ်ခွင့်ပြုထားကြောင်းထုတ်ပြန်ထားသည့် International School များမှာ ၂၀၂၄- ၂၀၂၅၊ ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်မှစတင်ကာ ပညာရေးဝန်ကြီးဌာနမှ နိုင်ငံတကာသင်ရိုးညွန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိကကျောင်းများအဖြစ် စိစစ်၍ ဖွင့်လှစ်ခွင့်ပြုထားခြင်းလည်းဖြစ်သည်။
ပုဂ္ဂလိက International School များအနက် ရန်ကုန်တွင် ၁၆၁ ကျောင်း ရှိပြီး တစ်ချို့သော ကျောင်း များမှာ နာမည်တစ်ခုတည်းဖြင့်ပင် မြို့နယ်များ၌ ကျောင်းခွဲများ ဖွင့်လှစ်ထားခြင်း ဖြစ်သည့်အတွက် ရန်ကုန် တိုင်းအတွင်းတွင် International School ဖွင့်လှစ်မှု ပမာဏမှာ ကျောင်းပေါင်း ၁၃၀ ကျော်သာ ရှိမည်ဖြစ်ပြီး မန္တလေး တိုင်းဒေသကြီးတွင် ၄၉ ကျောင်း၊ နေပြည်တော်တွင် ခြောက်ကျောင်းနှင့် ကချင်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေး အစရှိသည့် ဒေသများတွင်လည်း ဖွင့်လှစ်ခွင့်ပြုထားသည်။
ထို့ပြင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အထိ မြန်မာနိုင်ငံ တစ်ဝန်းတွင် အမျိုးသားသင်ရိုးညွန်းတမ်းဖြင့် ဖွင့်လှစ်ခွင့်ပေးထားသည့် ပုဂ္ဂလိကအခြေခံပညာကျောင်းစုစုပေါင်း ၁၇၄၉ ကျောင်းရှိသည်။ ယင်းတို့အနက် ကျောင်း ၃၆၀ မှာ ယခုနှစ်တွင် အသစ်ဖွင့်လှစ်ခဲ့သည့် ကျောင်းများလည်းဖြစ်သည်။ ယခုကဲ့သို့ ဖွင့်လှစ်ခွင့်ပြုထားသည့် ပုဂ္ဂလိကကျောင်းများနှင့် International School များကို သတ်မှတ် စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးခြင်းများ လုပ်ဆောင်သင့်ကြောင်း၊ ယင်းသို့ စစ်ဆေးရာတွင် လည်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးဌာန အစရှိသည့် တာဝန်ရှိသူများနှင့် စစ်ဆေးပြီး စစ်ဆေးရာတွင်လည်း အဂတိလိုက်စားမှုများ မရှိစေရန် ကြီးကြပ်သင့်သည်ဟု ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။
“ အခုဆို အွန်လိုင်းမှာ ကျောင်းတချို့မှာ ရန်ဖြစ်တဲ့ကိစ္စတွေ၊ ပြီးခဲ့တဲ့ရက်ကပဲအွန်လိုင်းမှာ International School က ကျောင်းသားတွေ Rape ကေ့စ်တွေ ဟုတ် မဟုတ် အတိအကျ မသိရပေမယ့် အသံတွေထွက်လာတာတွေ့ရတယ်။ အဲ့ဒါကြောင့် ဒါတွေကို လည်းမဖြစ်အောင်နဲ့ ဖြစ်လာတယ်ဆိုရင်လည်း ဘယ်လိုကြပ်မတ်မလဲဆိုတာ ရှိရမယ်။ ကျောင်းတွေက များလာ တော့ ဘယ်ကျောင်းကတော့ ဘယ်လိုတွေရှိသလဲဆိုတာ မိဘတွေအနေနဲ့က သိဖို့လိုအပ်တယ်။ တကယ်ကို ပညာရေးအတွက် သေချာလုပ်ပေးတဲ့ ကျောင်းတွေလား၊ ဒါမှမဟုတ် ပိုက်ဆံလိုချင်လို့တစ်ခုထဲအတွက်ပဲ ကြည့် လုပ်တာလားဆိုတာ သိနိုင်ဖို့လိုအပ်တယ်။ မိဘတွေက ကိုယ့်သားသမီးကို စာတကယ် သင်တဲ့ကျောင်း၊ စည်းကမ်းနဲ့ညီတဲ့ ကျောင်းတွေကိုပဲ အပ်ချင်တာပေါ့” ဟု ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။
" တကယ်တော့ အခမဲ့သင်ကြားပေးတဲ့ အစိုးရ ကျောင်းတွေမှာ သင်ကြားရေး၊ သင်ထောက်ကူ၊ အသုံး အဆောင်ပစ္စည်းတွေ အားနည်းလို့ မိဘတွေက ကိုယ်ပိုင်ကျောင်းတွေ၊ နိုင်ငံတကာကျောင်း တွေကို အထင်ကြီးပြီး ထားကြတယ်။ ဒါပေမဲ့ ပုဂ္ဂလိကကျောင်းတွေမှာ မြန်မာဘာသာ၊ ပထဝီနဲ့ မြန်မာ့သမိုင်း၊ မြန်မာ့ ယဉ်ကျေးမှုနဲ့ ဆိုင်တာတွေ အရေးကြီးဆုံးက နိုင်ငံတော်သီချင်း ဆိုရတာမျိုးတွေ ကိုယ့်ကလေး ဒီနိုင်ငံမှာမွေးပြီး နိုင်ငံချစ်စိတ်အတွက် အရေးကြီးတဲ့အရာတွေကို မေ့ပစ်ဖို့မသင့်ဘူး။ အထက်မြန်မာပြည်မှာ ဖွင့်ထားတဲ့ကျောင်း တစ်ကျောင်းက ပြောင်းလာဖို့ ကျောင်းစုံစမ်းတဲ့ မိဘတစ်ဦးက ကျွန်တော်တို့ကျောင်းမှာ ဒီလိုမြန်မာစာ၊ မြန်မာ သမိုင်း ယဉ်ကျေးမှုနဲ့ နိုင်ငံတော်သီချင်း လုပ်သလားမေးတယ်။ ကျွန်တော်တို့ ကျောင်းက ဒါတွေကို သေချာလုပ် တယ်ဆိုတော့ ကျောင်းမအပ်သွားဘူး။ သိရသလောက် ကျွန်တော်တို့နားက ကျောင်းမှာ သူ့ကလေးကို အပ်သွားတယ်။ ဒါမျိုးတွေက ကလေးတွေရဲ့ အနာဂတ်နဲ့ တိုင်းပြည်အတွက်လည်းမကောင်းဘူး။ အဲဒီတော့ ပုဂ္ဂလိကကျောင်းတွေ international school တွေမှာ ဒီလို နိုင်ငံတော်သီချင်းသေချာမလုပ်ကြတာ၊ သေချာ မဆိုကြတာ မြန်မာစာ၊ မြန်မာ့သမိုင်း၊ ပထဝီနဲ့ ယဉ်ကျေးမှု အလေးမထားတာတွေကို သေချာစိစစ်သင့် တယ်။ အင်တာနေရှင်နယ်ကျောင်းအချို့မှာ ဆရာ/ ဆရာမ အချို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ သင်ကြားရေး ပြဿနာရှိတာ၊ မူးယစ်တို့ sexual Harassment လို ပြဿနာတွေနဲ့ အသံတွေထွက်တာတွေ မရှိစေချင်ဘူး။ ဒါတွေကိုလည်း သက်ဆိုင်ရာ ဝန်ကြီး ဌာနဲ့ လိုအပ်ရင် ပူးပေါင်းအဖွဲ့တွေက စနစ်တကျ စိစစ်သင့်တယ်။ Dual ကျောင်းတွေ၊ international school တွေကိုလည်း လွှတ်မထားသင့်ဘူး" ဟု ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ထားသူ တစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံပညာရေးကိုကြည့်လျင် Secondary School များကို အစိုးရကျောင်းနှင့် ပုဂ္ဂလိကကျောင်း ဟူ၍ ခွဲခြားထားသည်။ ကျောင်းသားများ၏ ကျောင်းတက် ရောက်မှုအရ အစိုးရကျောင်းက အများစုဖြစ်ပြီး ပုဂ္ဂလိကကျောင်းများတွင်လည်း တက်ရောက်နေသူများလည်း ရှိသည်။
၂၀၂၄ ပညာသင်နှစ်တွင် ထိုင်းနိုင်ငံ၌ ကျောင်းတက်ရောက်နေသူများစာရင်းအရ အလယ်တန်းအဆင့် တွင် အစိုးရကျောင်းများ၌ တက်ရောက်နေသူမှာ ၈၅ ရာခိုင်နှုန်းခန့်ရှိပြီး ပုဂ္ဂလိကကျောင်းတွင်တက်ရောက် နေသူမှာ ၁၄ ရာခိုင်နှုန်းကျော်ရှိသည်။ အထက်တန်းအဆင့်တွင် အစိုးရကျောင်းများ၌ တက်ရောက်နေသူမှာ ၇၉ ရာခိုင်နှုန်းကျော်နှင့် ပုဂ္ဂလိကကျောင်းတွင်တက်ရောက်နေသူမှာ ၂၀ ရာခိုင်နှုန်းကျော်ရှိသည်။
ထိုင်းနိုင်ငံတွင် အစိုးရကျောင်းများတက်ရောက်နေသူများမှာ ကျောင်းလခအခမဲ့တက်ရောက်နိုင်သော်လည်း ယူနီဖောင်း၊ သင်ထောက်ကူပစ္စည်းများနှင့် အခြားဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ်ရှိသည်။
ထို့ပြင် ထိုင်းနိုင်ငံရှိ International School များတွင် ထိုင်းစာ၊ ထိုင်းယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကို သင်ကြားပေးရပြီး ထိုင်းနိုင်ငံသားကျောင်းသားနှင့် နိုင်ငံခြားသားကျောင်းသားတို့အတွက် သင်ရိုးနှင့် သင်ကြားမှု အဆင့်များတွင် ကွာခြားမှုရှိသည်။
အလားတူ ထိုင်းနိုင်ငံရှိ IGCSE ကျောင်းများတွင်လည်း ထိုင်းစာဖတ်၊ ရေး၊ ပြော စွမ်းရည်ကို အဓိကထားသင်ကြားပြီး နိုင်ငံခြားသားကျောင်းသားများကို ထိုင်းနိုင်ငံတွင် နေထိုင်ရာ၌ အသုံးဝင်သည့် ဘာသာစကား၊ ယဉ်ကျေးမှုနှင့် သမိုင်းကို သင်ကြားပေးသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ တစ်နှစ်ထက်တစ်နှစ် များပြားလာ သည့် အချိန်တွင် အခြားတဖက်တွင်လည်း အစိုးရကျောင်းများတွင် ကျောင်းတက်ရောက်သူ နည်းပါး လာသည်ကို တွေ့ရသည်။ ထို့ပြင် စည်းကမ်းသတ်မှတ်ချက်နှင့် မညီသည့် နိုင်ငံတကာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများကို မှတ်ပုံတင် ဖွင့်လှစ်ခွင့်မပြုသည့်အချိန်တွင် အစိုးရအနေဖြင့် ပိတ်သိမ်းခံရသော ကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအတွက် အစားထိုးအစီအစဉ်များ စီစဉ်ပေးခြင်း၊ ကျောင်းများနှင့် မိဘများအတွက် ကျောင်းသားပညာရေးအတွက် အချိန်ပေး ပြင်ဆင်စေမှုများ ပြုလုပ်ပေးရန်လိုအပ်သည်။
" ကျောင်းလိုင်စင်ရှိသလား မရှိသလားအပြင် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အချက်တွေနဲ့ ပြည့်စုံရဲ့လားဆိုတာ ကြည့်ရမယ်။ ကလေးတွေအတွက် ကစားကွင်း၊ စုရပ်ကွင်းတွေ၊ ကျောင်း သားအင်အားနဲ့ စာသင်ခန်းလုံလောက်မှုရှိမရှိ စတာတွေ ကြည့်ရမယ်။ ပြီးတော့ ပညာရေးဝန်ကြီးဌာနဘက်က သတ်မှတ်ထား တာက နိုင်ငံတော်သီချင်း ဆိုသလားမဆိုသလား၊ မြန်မာစာ သင်လားမသင်ဘူးလား။ အဲ့ဒါတွေလည်း မိဘတွေ အနေနဲ့ ကြည့်ရှုလေ့လာရမယ်။ ကျောင်းအပ်ပြီးတော့မှ ကျောင်းက ပညာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်နဲ့ မကိုက်ညီဘူးဆိုရင် ကျောင်းပိတ်လိုက်ရရင် မိဘတွေနဲ့ ကလေးတွေ နစ်နာလိမ့်မယ်" ဟု ပညာရေး ကျွမ်းကျင် သူတစ်ဦးက သုံးသပ်သည်။
" အခုဆိုရင် ပုဂ္ဂလိက ကျောင်းတွေက မှိုလိုပေါက် နေတာ။ လမ်းကြိုလမ်းကြားမှာတွေရော၊ အိမ်ကြို အိမ်ကြားမှာလည်း ဖွင့်နေကြတာပဲ။ ပညာရေးကို မကျိုးအမြတ်များတဲ့ စီးပွားရေးလို လုပ်နေကြတယ်။ ကျောင်းတက်ကျောင်းဆင်းချိန်တွေဆိုရင် သွားရလာရတာ အတော်ခက်တယ်။ ကားတွေပိတ်တယ်။ တခါတလေ နာရီနဲ့ချီ သွားလို့မရဘဲ ပိတ်ဆို့နေရော။ ဗဟန်းရွှေတောင်ကြားလိုနေရာမျိုးမှာဆိုရင်လည်း international school တွေ အများကြီးပဲ။ ကျောင်း ဆင်းချိန်တွေဆို ကားတွေပိတ်ကြပ်နေရော။ မိုးရွာလို့ ရေကြီးရေလျှံရင် ပိုဆိုးတယ်။ ဗဟန်း၊ ကမာရွတ်၊ တာမွေ၊ စမ်းချောင်း စတဲ့ Downtown ဧရိယာက ကျောင်းတွေကို စိစစ်သင့်တယ်။ တချို့ဆိုရင် ယာဉ်မရပ်ရလမ်းပေါ်မှာ ကျောင်းဖွင့်ထားတယ်။ ကားပါကင် အတွက် နေရာမပေးနိုင်၊ ကလေးတွေကစားဖို့အတွက် ကစားကွင်းလည်း မရှိ။ ဒီလိုအခြေအနေတွေနဲ့ International School ပေးဖွင့်ထားတာ မသင့်တော်ဘူး။ ဒါတွေကိုလည်း သေချာစစ်ဆေးသင့်တယ်။ လိုင်စင်ပေးထားရင် စိစစ်ပြီး ဖွင့်ခွင့်မပေးသင့်ဘူး" ဟု ရန်ကုန်မြို့ခံ တစ်ဦးကလည်း ဝေဖန်ပြောကြားသည်။
လာမည့်ပညာသင်နှစ်တွင် ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘက်ဂျက်၏ ၁၀ ရာခိုင်နှုန်းအထက်အထိ တိုးမြှင့်သုံးစွဲသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားထားသည်။
လက်ရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘတ်ဂျက်၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်း ချထားပေးပြီး၊ အခြားဝန်ကြီးဌာနများ၏ ပညာရေးနှင့် ဆက်စပ်စရိတ်များအပါအဝင် စုစုပေါင်း ၉ ဒသမ၂၂ ရာခိုင်နှုန်း အထိ သုံးစွဲလျက်ရှိသည်ဟု သိရသည်။
အစိုးရ၏ အခမဲ့ ကျောင်းများတွင် ကျောင်းတက်ရောက်မှုနှုန်းပြန်လည်မြင့်တက်လာစေရန် အစိုးရ ကျောင်းများကို အဆင့်မြှင့်ခြင်း၊ ကျောင်းဆောင်များကို ပြုပြင်ခြင်းများအပြင် ဆရာ/ဆရာမများကို လစာများတိုးပေးခြင်း၊ မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးခြင်း အစရှိသည်တို့ကိုလည်း ပိုမို လုပ်ကိုင်ဆောင်ရွက်သင့်သည်ဟု ပညာရေးအသိုင်းအဝိုင်းမှ သုံးသပ်ကြသည်။
" အခမဲ့သင်တဲ့ အစိုးရကျောင်းတွေကိုလည်း အဆင့်မြှင့်ဖို့ပညာရေး ဝန်ကြီးဌာန အနေနဲ့ ရေတိုရေရှည်စီမံကိန်းချပြီးတော့ သိသိသာသာပြောင်းလဲအောင် လုပ်ပေးသင့်တယ်။ ဆရာ/ ဆရာမ တွေကို မွမ်းမံသင်တန်းတွေနဲ့ အရည်အသွေးမြင့်အောင်လုပ်ပေးပြီး အစိုးရ ကျောင်းတွေမှာ Facilities တွေကို Upgrade လုပ်ပေးရမယ်။ သမ္မတရဲ့ အခြေပြမိန့်ခွန်းမှာလည်း ပညာရေးကို ဘတ်ဂျက်ရဲ့ ၁၀ ရာခိုင်နှုန်းကျော် ထိ တိုးမယ်ပြောထားတယ်။ မကြာမီ ၁၅ ရာခိုင်နှုန်းအထိ ပညာရေးဘတ်ဂျက်တိုးမြှင့်သုံးမယ်လို့လည်း ပြော ထားတယ်။ ဒါ့အပြင် ပုဂ္ဂလိက ကျောင်းတွေရဲ့စည်းကမ်းပိုင်းကိုလည်း သေချာကိုင်တွယ်သင့်တယ်။ လိုင်စင်မရှိတဲ့ကျောင်းတွေ၊ စည်းကမ်းမလိုက်နာတဲ့ ကျောင်းတွေကို သေချာစိစစ်ပြီး ပိတ်မယ့်ကျောင်းတွေကို နောက်နှစ်အတွက် ပြင်ဆင်နိုင်ဖို့ ကြိုအကြောင်းကြားရမယ်။ ပုဂ္ဂလိက ကျောင်းတွေမှာ နိုင်ငံတော်သီချင်း သေချာမဆိုကြတာ၊ မြန်မာစာ မသင်ကြတာတွေ အရမ်းဆိုးပါတယ်။ ထိုင်းမှာတောင် ထိုင်းစာ၊ ထိုင်းယဉ်ကျေးမှု အကုန်သင်ရတယ်။ အခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ။ ကိုယ့်နိုင်ငံသားတွေ အနေနဲ့ ကိုယ့်နိုင်ငံသီချင်း၊ ကိုယ့်စာ ကိုယ့်ယဉ်ကျေးမှုကို သင်ကိုသင်ရမယ်။ တတ်ကိုတတ်ရမယ်။ ဒါတွေကို စိစစ်မှုအပိုင်း အားနည်းတာတွေ တွေ့ရတယ်။ ကျောင်း ထောင်တဲ့သူအချို့က Invesment ကောင်းကောင်းမလုပ်ဘူး။ အများပြည်သူနဲ့ ကျောင်းသားမိဘတွေအပေါ် ဈေးပေါပေါနဲ့ ဖွင့်ပြီး ရိတ်နေကြတာလည်းရှိတယ်။ တချို့က ကိုယ်ပိုင်ကျောင်းအသင်းအဖွဲ့ဆိုပြီး လုပ်နေတာ တွေ့ရတယ်။ သူတို့ဒီလိုလုပ်ပြီး အစိုးရ၊ ဝန်ကြီးဌာနဆီက ကိုယ့်အခွင့်အရေးတောင်းဖို့ အတွက် မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် စည်းမျဉ်းစည်းကမ်းနဲ့ ညီအောင် အရင် လုပ်ရမယ်။ တချို့ဆို စာမေးပွဲ ဖြေရအောင် သက်သက်ပဲ ပေါင်းပြီးလုပ်နေကြတာတွေ ကြားနေရတယ်။ ဒါမျိုးတွေကို ခွင့်မပြုသင့်ဘူး။ လမ်းကြိုလမ်းကြား တွေမှာ ခနော်နီခနော်နဲ့ ကျောင်းဖြစ်ပြီးရော ဖွင့်ထားတာတွေရှိတယ်။ လိုင်စင်မရှိဘဲ လုပ်နေကြတယ်။ ဒါပေမယ့် တချို့ ကိုယ်ပိုင်ကျောင်းတွေဆိုရင် အတော်ကို ကောင်းတာ တွေ့ရတယ်။ သူတို့ ကျောင်းတွေရဲ့ အောင်ချက် ရာခိုင်နှုန်းတွေကလည်း နှစ်စဉ်အတော် ကောင်းတယ်။ ၉၀ ရာခိုင်နှုန်းအထက်တွေဖြစ်တယ်။ သင်ကြားမှုပုံစံ ကစားကွင်းနဲ့ ကျောင်းပုရဝဏ်ကျယ်ကြတယ်။ တချို့ international school တွေထက်တောင် ကောင်းနေတာ တွေ့ရတယ် ” ဟု ကျောင်းတည်ထောင်ဖွင့်လှစ် ထားသူတစ်ဦးက သုံးသပ်ပြောကြားသည်။
ကိုယ်ပိုင်ကျောင်းများနှင့် international school များအနေဖြင့် ပညာရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကိုယ်ပိုင်ကျောင်းများ တည်ထောင်ခွင့်ကို ကန့်သတ် တားမြစ်ရန်မဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းများနှင့် အညီ စိစစ်ခွင့်ပြုပေးရေးသည် အလွန်အရေးကြီးကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။
“ ဒီတော့ပညာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပုဂ္ဂလိကနဲ့ International School ကျောင်း တွေကို စနစ်တကျ စိစစ်နိုင်ဖို့က အရေးကြီးသွားပြီ။ တချို့အရာရှိတွေက အမှန်တကယ် ရင်းနှီးမြုပ်နှံပြီး ပညာရေးအတွက် တိုင်းပြည်အတွက် ကောင်းအောင်လုပ်မယ့် ကျောင်းတည်ထောင်သူတွေအပေါ် နည်းအမျိုးမျိုးနဲ့ ဖိအားပေးတာ၊ ညစ်တာမဖြစ်အောင်လည်း သတိထားသင့်တယ်။ ကျောင်းထောင်တယ်ဆိုတာ တိုင်းပြည်အတွက်ကောင်းမွန်တဲ့ အလုပ်တစ်ခုပဲ။ ကျားဖျန့်မဟုတ်ဘူး။ ဒါပေမဲ့ ကျောင်းတောင်မဖြစ်သေးဘူး ဥပဒေတွေပြောပြီး ထောင်ဘယ်နှစ်နှစ်ကျနိုင်တယ်ဆိုတာမျိုး ပြောတာတွေ မဖြစ်သင့်ဘူး။ အထူးသဖြင့် အဂတိကင်းဖို့လိုတယ်။ Corrupt ဖြစ်တဲ့ အရာရှိမျိုး ရာထူးတက်မယ် နေရာရမယ်ဆိုရင် ဘယ်လိုကောင်းနိုင် မလဲ။ အခမဲ့ သင်ကြားပေးတဲ့ အစိုးရကျောင်းတွေကိုလည်း ဘတ်ဂျက်သုံးပြီး အဆင့်မြင့်အောင် လုပ်ရမှာဖြစ် သလို ကိုယ်ပိုင်ကျောင်းတွေ၊ International School တွေကို ထိထိရောက်ရောက် စိစစ်ကြပ်မတ်ဖို့ လိုပါတယ်။ ဒီလိုစိစစ်တဲ့အခါ အောက်ခြေက ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး ကအစ ခရိုင်၊ တိုင်း ပညာရေးမှူး တွေနဲ့ ထွေအုပ်အဆင့်ဆင့် အဂတိကင်းပြီး စနစ်တကျ ဆောင်ရွက်သင့်ပါတယ်။ ပုဂလိက ပညာရေးကဏ္ဍက တိုင်းပြည်အတွက်လည်း အရေးပါတဲ့အတွက် အဂတိ ကော်မရှင်လို အဖွဲ့တွေကပါ ဝင်ရောက် စိစစ်ဆောင်ရွက် ပေးသင့်ပါတယ်” ဟု ကျောင်းတည်ထောင်ဖွင့်လှစ်ထားသူတစ်ဦးက သုံးသပ် ပြောကြားသည်။
#elevennews #စည်းမျဉ်းစည်းကမ်းနှင့်မကိုက်ညီ #ပုဂ္ဂလိကကျောင်းများ #International School များ #ဖွင့်လှစ်ခွင့်မပြုရန် #အစိုးရကျောင်းများ #အဆင့်မြှင့်တင်ရန် #ကျောင်းသားမိဘများ #ပြည်သူများ #လိုလား