


မြိတ်၊ စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် တနင်္သာရီ မြစ်ရေသည် အန္တရာယ်ရေအမှတ်အထက်မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုကြုံတွေ့နေသည့်ဒေသများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ(၁)ရက် နံနက်(၁ဝ)နာရီက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
တနင်္သာရီမြစ်ရေသည် ယနေ့ နံနက်(၉)နာရီတိုင်းထွာချက်အရ ၎င်းမြစ်ရေအမှတ် (၂၅)ပေ (၁၀)လက်မသို့ ရောက်ရှိပြီး တနင်္သာရီမြို့၏ စိုးရိမ်ရေအမှတ်ကျော်လွန်ရောက်ရှိကာ အန္တရာယ်ရေအမှတ် (၂၄)ပေထက် (၁)ပေ(၁၀)လက်မသို့ ရောက်ရှိလျက်ရှိကြောင်း၊ အနိမ့်ပိုင်းနေရာများဖြစ်သော ရပ်ကွက်(၂)ခုမှ လမ်းများနှင့် ဆင်ခြေဖုံးကျေးရွာအုပ်စု၊ ဘန်းသဲကျေးရွာ၊ ဗောဓိကမ်းကျေးရွာတို့အတွင်းနေအိမ်များ ရေဝင်ရောက်လျက်ရှိသဖြင့် ယာယီကယ်ဆယ်ရေးစခန်း(၆)ခုဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စု(၁၅၆)စု ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
ထို့အတူ တနင်္သာရီမြစ်ရေမြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းဒေသများရှိ စာသင်ကျောင်း (၁၇)ကျောင်းကို ယာယီပိတ်ထားရကြောင်း မြိတ်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ သိရသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုယ်စား တိုင်းဒေသကြီးသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးသိန်းလွင်က ရေကြီးရေလျှံမှု ကြုံတွေ့နေသည့် ဒေသများ၏ စာရင်းဇယားများစနစ်တကျပြုစုပြီး ရေဘေးသင့်ပြည်သူများအား အချိန်မီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ထောက်ပံ့ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ ရေပြန်ကျပါကလည်း ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများ ကြိုတင်စီစဉ်ဆောင်ရွက်ထားရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက တနင်္သာရီမြစ်ရေမြစ်တက်လာမှုကြောင့် ဖြစ်ပေါ်လာသည့် ရေဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ လုပ်ငန်းကဏ္ဍအလိုက်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌက ဖြည့် စွက်တင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။ ယင်းနောက် ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သည့် လူတစ်ဦးလျှင်(၂)ပတ်စာနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ မာမားခေါက်ဆွဲ၊ ငါးသေတ္တာများကို အိမ်ထောင်စု(၁၅၆)စု ရေဘေးသင့်ပြည်သူ ၇၂၀ အတွက် တိုင်းဒေသကြီးဝန်ကြီးက ပေးအပ်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး
#News #Myanmar