Myanmar National Post

တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ ဒေသအလိုက် ထူးခြားသည့် လူမှုစီးပွားရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြောင်းအရာများကို စနစ်တကျမှတ်တမ်းတင်ဖော်ပြရန် ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း မှာကြား


နေပြည်တော်၊ စက်တင်ဘာ ၂

ရှမ်းပြည်နယ်သည် ရှမ်းတိုင်းရင်းသားများသာမက သွေးချင်းတိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ ဒေသအလိုက် ထူးခြားသည့် လူမှုစီးပွားရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြောင်းအရာများကို စနစ်တကျမှတ်တမ်းတင်ဖော်ပြရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ယမန်နေ့က တောင်ကြီးမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံစဉ်မှာကြားသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွက် MRTV DTH စလောင်း ၁၅ စုံနှင့် CANAL+ ၁၀ စုံတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးထံလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် MRTV DTH စလောင်း ၁၀ စုံနှင့် CANAL+ ၁၀ စုံတို့ကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးထံလည်းကောင်း ပေးအပ်သည်။

တွေ့ဆုံပွဲအပြီးတွင် အဆိုပါလူထုအခြေပြုဗဟိုဌာန၌ တိုင်းရင်းသားရိုးရာအသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှု၊ စာကြည့်တိုက်အတွင်း စာအုပ်၊ စာစောင်များ စနစ်တကျထိန်းသိမ်းထားရှိမှုနှင့် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်တို့ကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (ဟိုပုံး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိစေမည့် လူထုအခြေပြုပြန်ကြားရေးလုပ်ငန်းများကို စိတ်ရင်းစေတနာဖြင့် တက်တက်ကြွကြွ ကြိုးစားဆောင်ရွက်ရန် မှာကြားကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့အတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် MRTV DTH စလောင်း ၁၀ စုံနှင့် CANAL+ ငါးစုံတို့ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်ထံလည်းကောင်း၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအတွက် MRTV DTH စလောင်း ၁၀ စုံနှင့် CANAL+ ငါးစုံတို့ကို ကျောင်းတာဝန်ရှိသူ တစ်ဦးထံလည်းကောင်း ပေးအပ်ပြီး အဆိုပါရုံးရှိ ဒေသဆိုင်ရာ ပြတိုက်ငယ်အတွင်း တိုင်းရင်းသားရိုးရာပစ္စည်းများ ခင်းကျင်းပြင်ဆင်ထားရှိမှုနှင့် ပြည်သူ့စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် တောင်ကြီးမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့် လွှင့်စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ရုပ်မြင်သံကြားအစီအစဉ်များနှင့် ရေဒီယိုအစီအစဉ်များ ထပ်ဆင့်ထုတ်လွှင့်မှု၊ စက်ပစ္စည်းများ တပ်ဆင်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post