Eleven Media Group

■ ငွေကြေး အများအပြား လိမ်လည်ခဲ့သည့် ဒေါက်တာညီညီဆွေဆိုသူကို ထောင်ဒဏ် ၄၃ နှစ်ချမှတ်

ငွေကြေး အများအပြား လိမ်လည်ခဲ့သည့် ဒေါက်တာညီညီဆွေ ဆိုသူကို ထောင်ဒဏ် ၄၃ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

သြဂုတ် ၃၀ ရက်တွင် အထူးတရားရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း ငွေကြေးလိမ်လည်ခံရသူများနှင့် နီးစပ်သူများထံမှ သိရသည်။

Forex Trading တွင် ရင်းနှီးမြုပ်နှံပြီး တစ်လလျှင် ၁၅ ရာခိုင်နှုန်း အမြတ်ပေးမည်ဟုဆိုကာ ငွေကြေးများကို လိမ်လည်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံရှိ မြို့အချို့တွင် အခမ်းအနားများ ကျင်းပပြီး ငွေကြေးထည့်ဝင်ရန် ဒေါက်တာညီညီဆွေက စည်းရုံးခဲ့ကြောင်း၊ ကနဦးတွင် အမြတ်ငွေများ အပ်နှံမှုကြောင့် ယုံကြည်ပြီး ငွေကြေး ထည့်ဝင်သူများပြားလာကြောင်း သိရသည်။

ထို့ပြင် Telegram တွင် ဂရုတစ်ခုတည်ထောင်ကာ ငွေကြေးများကို လိမ်လည်ခဲ့ကြောင်း၊ လိမ်လည်မှုများ ဖြစ်ပွားပြီးနောက်တွင် အဆိုပါဂရုများကို ဖျက်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

ဒေါက်တာ ညီညီဆွေကို ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် သက်ဆိုင်ရာ အာဏာပိုင်များက အမှုဖွင့် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လိမ်လည်ခံရသူများတွင် ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့ကြီးများတွင် နေထိုင်သူများသာမက နယ်မြို့များတွင် နေထိုင်သူများပါ လိမ်လည်ခံခဲ့ရခြင်းဖြစ်ကြောင်း ငွေကြေးလိမ်လည်ခံရသူများနှင့် နီးစပ်သူများထံမှ သိရသည်။

#ဒေါက်တာညီညီဆွေ #ထောင်ဒဏ် ၄၃ နှစ် #elevennews

မူရင်းသတင်း — Eleven Media Group