
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ အောက်ပေါင်းလောင်းတမံ ရေပိုလွှဲမှ ရေကျော်ထုတ်လွှတ်နေရသည်မှာ (ယနေ့) စက်တင်ဘာ ၂ ရက်တွင် သုံးရက်ခန့် ကြာမြင့်လာပြီဖြစ်ပြီး ရေပိုလွှဲမှ ထုတ်လွှတ်စီးဆင်းနေသည့် ရေပမာဏမှာ ကနဦးရေကျော်ထုတ်လွှတ်မှုပမာဏ၏ ငါးဆနီးပါးခန့် ပိုမိုများပြားလားခဲ့ကြောင်း သိရသည်။
တည်ဆောက်ရေး (၅) ဆည်မြောင်းနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ စက်တင်ဘာ ၂ ရက်၊ နေ့လယ် ၁၂ နာရီ ထုတ်ပြန်ချက်အရ ရေပိုလွှဲမှ ရေကျော်စီးဆင်းမှုမှာ တစ်စက္ကန့်လျှင် ၉၉၈၇ ကုဗပေအထိ ရှိလာကြောင်း သိရသည်။
အောက်ပေါင်းလောင်းတမံသည် ကန်ရေပြည့်အမှတ်သို့ ရောက်ရှိပြီးနောက် ဩဂုတ် ၃၁ ရက် နံနက် ၇ နာရီခန့်မှစတင်၍ ရေပိုလွှဲမှ ရေကျော်စီးဆင်းခဲ့ခြင်းဖြစ်သည်။
ယင်းနေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် ရေပိုလွှဲမှ ရေကျော်စီးဆင်းမှုမှာ တစ်စက္ကန့်လျှင် ၂,၀၅၀ ကုဗပေခန့် ရှိခဲ့သော်လည်း စက်တင်ဘာ ၂ ရက်၊နေ့လည် ၁၂ နာရီအချိန် ထုတ်ပြန်ချက်အရ ရေပိုလွှဲမှ ရေကျော်စီးဆင်းမှုမှာ တစ်စက္ကန့်လျှင် ၉၉၈၇ ကုဗပေအထိ ရှိလာသဖြင့် ဩဂုတ် ၃၁ ရက်က ကနဦးရေကျော်စီးဆင်းမှု တစ်စက္ကန့်လျှင် ၂,၀၅၀ ကုဗပေနှင့် နှိုင်းယှဉ်ပါက ရေကျော်စီးဆင်းမှု ပမာဏမှာ ငါးဆဝန်းကျင်အထိ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခင် ၂၀၂၄ ခုနှစ်တွင် အောက်ပေါင်းလောင်းတမံ ရေပိုလွှဲမှ အများဆုံးရေကျော်စီးဆင်းမှုမှာ တစ်စက္ကန့်လျှင် ၅၆,၆၈၁ ကုဗပေအထိ ရှိခဲ့ပြီး လက်ရှိရေကျော်စီးဆင်းနေသည့် တစ်စက္ကန့်လျှင် ၉၉၈၇ ကုဗပေမှာ ၂၀၂၄ ခုနှစ်က မှတ်တမ်းတင်ခဲ့သည့် အမြင့်ဆုံးရေကျော်စီးဆင်းမှုနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးကြောင်းလည်း သိရသည်။
ပေါင်းလောင်းတမံအတွင်း ဝင်ရောက်လာသည့် ရေပမာဏအခြေအနေအပေါ် မူတည်၍ ရေကို စနစ်တကျ ထိန်းညှိထုတ်လွှတ်ပေးနေသည့်အတွက် ပေါင်းလောင်းမြစ်တစ်လျှောက် ရေကြီးရေလျှံမှုအတွက် လက်ရှိအခြေအနေအရ စိုးရိမ်ရန်မလိုကြောင်း၊ တမံနှင့် ရေပိုလွှဲတို့၏ ကြံ့ခိုင်မှုမှာလည်း ကောင်းမွန်သည့်အခြေအနေတွင် ရှိနေကြောင်းနှင့် ရေဝင်ရောက်မှုအခြေအနေအပေါ် မူတည်၍ အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း တည်ဆောက်ရေး (၅) ဆည်မြောင်းနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
လတ်တလောတွင် ပေါင်းလောင်းမြစ်ပေါင်းဆုံရာ စစ်တောင်းမြစ်တစ်လျှာက် တောင်ငူ၊ မဒေါက်မြို့နှင့် ရွှေကျင်မြစ်၊ ပဲခူးမြစ်တို့တွင် သက်ဆိုင်ရာမြို့များ၏ မြစ်ရေများ သိသိသာသာ မြင့်တက်လာပြီး မဒေါက်မြို့၏ စစ်တောင်းမြစ်၊ ရွှေကျင်မြို့၏ ရွှေကျင်မြစ်နှင့် ပဲခူးမြို့၏ ပဲခူးမြစ်ရေတို့မှာ ယင်းမြို့များ၏ စိုးရိမ်ရေအမှတ်အသီးသီးသို့ ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါ ရေအခြေအနေများကြောင့် ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ရန်နှင့် ပဲခူးမြို့နယ်နှင့် မဒေါက်မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ရန် မိုးဇလ ဦးစီးဌာနက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။