Eleven Media Group

■ ပဲခူးမြို့တွင် ရေကြီးရေလျှံမှုများကြောင့် အခြေခံပညာကျောင်း ၁၃ ကျောင်း ယာယီပိတ်ထားရပြီး ပဲခူး–ရန်ကုန် မန္တလေး လမ်းဟောင်းတွင် ရေကျော်မှုဖြစ်ပေါ်

ပုံစာ။ စက်တင်ဘာ ၂ ရက်နေ့တွင်ပဲခူးမြို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်။

ပဲခူးမြို့တွင် ပဲခူးမြစ်ရေ မြင့်တက်လာခြင်းနှင့် မိုးအဆက်မပြတ် ရွာသွန်းမှုတို့ကြောင့် စက်တင်ဘာ ၂ ရက်နေ့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် အခြေခံပညာကျောင်း ၁၃ ကျောင်း ယာယီပိတ်ထားရပြီး ပဲခူး–ရန်ကုန် မန္တလေး လမ်းဟောင်း၏ နေရာအချို့တွင်လည်း ရေကျော်မှုများ ဖြစ်ပေါ်နေ ကြောင်း သိရသည်။

ပဲခူးမြစ်ရေသည် စက်တင်ဘာ ၂ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ ပဲခူးမြို့၏ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာအထက် ၉၁၇ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ထက် ၃၇ စင်တီမီတာ ( ၁ ပေကျော်ခန့်) ကျော်လွန်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ပဲခူး–ရန်ကုန် မန္တလေး လမ်းဟောင်းရှိ ကျွန်းသာယာဘက်၊ ဆီဆိုင်ရှေ့နှင့် မယ်တော်ကျောင်းရှေ့ အနီးလမ်းပိုင်းများတွင် ရေကျော်မှု စတင်ဖြစ်ပေါ်နေပြီး ယာဉ်များ သွားလာရာတွင် အခက်အခဲရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က ဒီနေရာမှာ ရေမမြုပ်သေးဘူး။ ဒီနေ့မှ ရေစကျော်လာတာပါ။ ညတုန်းက လိုက်ကြည့်တုန်းကတော့ ရေမရှိသေးဘူး။ အခုတော့ ကားတွေ သွားလာရတာ တော်တော်ခက်လာပါတယ်။ ပဲခူးမြို့ထဲမှာလည်း စိုးရိမ်ရေမှတ်ကို ကျော်သွားပြီး ရေတော်တော်တက်လာပါတယ်။ ဒီထက် မိုးသည်းထန်လာရင် အခြေအနေ ပိုစိုးရိမ်ရနိုင်တာကြောင့် ကားတွေ ဖြတ်သန်းသွားလာဖို့ မလွယ်တော့နိုင်ပါဘူး။ မြို့ရှောင်လမ်းကနေ သွားလာကြဖို့လည်း အသိပေးချင်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ရေကြီးရေလျှံမှုအခြေအနေများကြောင့် ယာယီပိတ်ထားသည့် အခြေခံပညာကျောင်းများမှာ အထက(၄)၊ အထက(၁၀)၊ ထ(ခွဲ)-၅၊ လ(ခွဲ)-ဖောင်တော်ဦး၊ လ(ခွဲ)-မဲခုန်၊ မူလွန်-ဇိုင်းဂနိုင်းကြီး၊ မူလွန်-မြို့ဦးကင်း၊ မူလွန်-ဥဿာ-၆၊ မူလွန်-မဇင်း(ခ)၊ မူလွန်-လက်ပန်ခုန်၊ မူလွန်-ရွှေလှေရွာမ၊ မူလွန်-ကျောက်ကြီးစုနှင့် မူလွန်-သာယာအေးတို့ ဖြစ်ကြောင်း သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုတို့ကြောင့် ပဲခူးမြို့၏ အနိမ့်ပိုင်းရပ်ကွက်များ၊ လမ်းများနှင့် မြို့ပေါ်နေရာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ကလျာဏီရပ်ကွက်အတွင်းရှိ နယ်မြေအချို့၊ မြို့သစ်ရပ်ကွက်၊ မဇင်းနှင့် သရက်တောအောက်ချိုင့်ပိုင်းများ၊ ဇိုင်းတောင်၊ မဟာမြိုင်နှင့် အောင်ဆေးရုံဘက်ခြမ်းရှိ ရပ်ကွက်အတွင်းပိုင်းများတွင်လည်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်အရ ပဲခူးမြစ်ရေသည် နောက်တစ်ရက်အတွင်း တစ်ပေခန့် ဆက်လက်မြင့်တက်နိုင်ပြီး ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ယင်းအခြေအနေကြောင့် ပဲခူးမြစ်အနီးနှင့် ရေဝင်ရောက်နိုင်သည့် အနိမ့်ပိုင်းနေရာများရှိ ပြည်သူများအနေဖြင့် မြစ်ရေမြင့်တက်မှုနှင့် မိုးရွာသွန်းမှုအခြေအနေများကို ဆက်လက်စောင့်ကြည့်ပြီး ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာပါက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် ပဲခူးမြိုတာဝန်ရှိသူများက သတိပေးထားကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းရှိ ရွှေကျင်မြို့နှင့် မဒေါက်မြို့တို့တွင်လည်း သက်ဆိုင်ရာမြစ်ရေများမှာ စိုးရိမ်ရေမှတ်အသီးသီးကို ကျော်လွန်ရောက်ရှိနေပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group