
မြန်မာအာကာသအေဂျင်စီတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်မှူးကြီးခြောက်ဦး၊ ဗိုလ်မှူးကိုးဦး၊ ဗိုလ်ကြီးလေးဦး စုစုပေါင်း အရာရှိ (၁၉) ဦးကို ပြောင်းရွှေ့ခန့်အပ်ထားကြောင်း သြဂုတ် ၂၈ ရက်ထုတ် မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။
၂၀၂၆ ခုနှစ်၊ မေ ၂၆ ရက်တွင် ကျင်းပခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၆) ၏ အတည်ပြုချက်အရ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိ (၁၉) ဦးအား မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency) ၌ လစ်လပ်လျက်ရှိသော ရာထူးနေရာများနှင့် ရုံး/ဌာနကြီးများတွင် လုပ်ငန်းတာဝန်ထမ်းဆောင်သည့်နေ့မှစ၍ ခန့်ထားလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၆)ကို ၂၀၂၆ ခုနှစ် ဇွန် ၃ ရက်တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ မြန်မာအာကာသအေဂျင်စီသို့ ပြောင်းရွှေ့ခန့်ထားရာတွင် ဒုတိယဗိုလ်မှူးကြီးခြောက်ဦးအနက် သုံးဦးကို ဒုတိယညွှန်ကြားရေးမှူးချုပ်များအဖြစ်ခန့်အပ်ခဲ့ပြီး ကျန်လေးဦးကို ညွှန်ကြားရေးမှူး(ဌာနမှူး)များအဖြစ် ခန့်အပ်ခဲ့သည်။
ယင်းအပြင် ဗိုလ်မှူးကိုးဦးအနက် ရှစ်ဦးအား ဒုတိယညွှန်ကြားရေးမှူး(ဌာနခွဲမှူး)၊ ကျန်ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီးလေးဦးအား လက်ထောက်ညွှန်ကြားရေးမှူးများအဖြစ် ခန့်အပ်ခဲ့သည်။
မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency-MSA) ၏ အမှုဆောင်အရာရှိချုပ်မှာ ဒေါက်တာစိုးမြင့်မောင်ဖြစ်ပြီး အေဂျင်စီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် ၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက်တွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အာကာသစူးစမ်းလေ့လာမှုနှင့် အသုံးပြုမှုနယ်ပယ်တွင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတော်၏ အမျိုးသားလုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတထိန်းသိမ်းစောင့်ရှောက်ရေး၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် တုံ့ပြန်ရေး အပါအဝင် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အာကာသနည်းပညာ များဖြင့် အထောက်အကူပြုနိုင်ရေး၊ အာကာသသိပ္ပံဆိုင်ရာနည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် လူငယ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေးတို့ကို နိုင်ငံတော်အကြီးအကဲ၏ တိုက်ရိုက်ကွပ်ကွဲမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အေဂျင်စီ (Myanmar Space Agency-MSA) ကို ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါမြန်မာအာကာသအေဂျင်စီ (Myanmar Space Agency-MSA) ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန် များအာကာသကို ငြိမ်းချမ်းစွာအသုံးချရေး၊ အာကာသစွန့်ပစ်ပစ္စည်းများ ထောက်လှမ်းစောင့်ကြည့်ရေး အပါအဝင် အခြားအာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာအရေးကိစ္စများနှင့်သက်ဆိုင်သည့် နားလည်မှု စာချွန်လွှာ၊ သဘောတူညီချက်၊ စာချုပ်များနှင့်ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်ရေး၊ လက်မှတ် ရေးထိုးရေး၊ စာချုပ်ချုပ်ဆိုနိုင်ရေးကိစ္စရပ်များကို နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီ အေဂျင်စီ အနေဖြင့် လွတ်လပ်စွာစီမံဆောင်ရွက်ရန်နှင့်အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များနှင့် လွတ်လပ်စွာပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်သည်။
ကုလသမဂ္ဂရှိ အာကာသကို ငြိမ်းချမ်းစွာအသုံးပြုရေးကော်မတီနှင့် အခြားအလားတူ အာကာသဆိုင်ရာ ဖိုရမ်များ၊ အစည်းအဝေးများနှင့် အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ရန်၊ နိုင်ငံတော်၏ အမျိုးသားအာကာသရေးရာမူဝါဒများ၊ မဟာဗျူဟာစီမံကိန်းများနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများကို အတည်ပြုပြဋ္ဌာန်းပေးနိုင်ရေး ရေးဆွဲတင်ပြရန်နှင့် အကောင်အထည်ဖော်ဆောင်ရန်၊ နိုင်ငံတကာအာကာသလှုပ်ရှားမှုများနှင့်ပတ်သက်၍ နှစ်စဉ်အစီရင်ခံစာများတင်ပြရန်၊ အာကာသသိပ္ပံဆိုင်ရာ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်လူငယ်ပညာရှင်များမွေးထုတ် ပေးနိုင်ရေးအတွက် ပြည်တွင်း ပြည်ပတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သုတေသနနှင့် ပညာရပ်ဆိုင်ရာအစီအစဉ်များ၊ အရင်းအမြစ်များဖန်တီးပေးရန်တို့လည်း အေဂျင်စီ၏
လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များတွင် ပါဝင်သည်။
ထို့ပြင် ကမ္ဘာမြေသိပ္ပံ၊ အာကာသသိပ္ပံနှင့် နည်းပညာများအကြောင်းကို ကျောင်းသားကျောင်းသူများ အပါအဝင် အများပြည်သူသိရှိစေရန်အတွက် အသိပညာပေးခြင်း၊ ပံ့ပိုးပေးခြင်းနှင့် လူ့စွမ်းအားအရင်း အမြစ်များ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ရန်၊ မြန်မာအာကာသအေဂျင်စီတွင် ခန့်အပ်တာဝန်ပေးအပ်ရန်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန် သော ပညာရှင်များကိုစိစစ်ရွေးချယ်၍ နိုင်ငံတော်အကြီးအကဲထံသို့ အတည်ပြုနိုင်ရေးတင်ပြရန်၊
နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ဂြိုဟ်တုများလွှတ်တင်ရေး၊ ထိန်းချုပ်ရေး၊ လုပ်ငန်းလည်ပတ်ရေးတို့ကို ကြီးကြပ်ကွပ်ကဲရန်နှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ အရပ်ဘက်အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာသုတေသနအစီအစဉ်များနှင့် ပရောဂျက်များကို အတည်ပြုခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်ရန်၊ အစိုးရ၊ ပုဂ္ဂလိကနှင့် ပြင်ပအဖွဲ့အစည်းများ၏ အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များကို ဖော်ဆောင်ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံတော်၏ အမျိုးသားလုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတထိန်းသိမ်းစောင့်ရှောက်ရေး၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် တုံ့ပြန်ရေး၊ မြို့ပြစီမံကိန်းများဖော်ဆောင်ရေးများ အပါအဝင် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အာကာသနည်းပညာများဖြင့် အထောက်အကူပြုရန်၊ နိုင်ငံတော်၏ ပထဝီနိုင်ငံရေးအရ မူလအရေးပါမှုများကို အာကာသနည်းပညာများအသုံးပြု၍ ပိုမိုမြှင့်တင်ပေးရန်တို့လည်း အေဂျင်စီ၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များတွင် ပါဝင်သည်။
အလားတူ အေဂျင်စီ၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များတွင် ဂြိုဟ်တုပုံရိပ်သတင်းအချက်အလက်များသိမ်းဆည်းရေး၊ ဖြန့်ဝေရေးနှင့် ဝန်ဆောင်မှုပေးရေးဗဟို ဌာနအဖြစ်ဆောင်ရွက်ရန်၊ Big Data နှင့် AI နည်းပညာများကို ERS နည်းပညာဖြင့်ပေါင်းစပ်၍ စိုက်ပျိုးရေး၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် တုံ့ပြန်ရေးတို့ကို လျင်မြန်ထိရောက်စွာဆောင်ရွက်နိုင်ရေး အထောက် အကူပြုပေးရန်၊
e-Government စနစ်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အာကာသသိပ္ပံနှင့် နည်းပညာများ အသုံးပြု၍ အထောက်အကူပြုပေးရန်၊ မျက်မှောက်ခေတ် များပြားလှသည့် သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီး နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်များချမှတ်နိုင်ရေး အထောက်အကူပြုပေးရန်၊ စွမ်းအားမြင့်တွက်ချက်မှုစနစ်များ ဒီဇိုင်းရေးဆွဲတည်ဆောက်ခြင်း၊ ဉာဏ်ရည်တုနည်းပညာ Al အသုံးပြု၍ လက်တွေ့နယ်ပယ်တွင် နည်းပညာသုတေသနလုပ်ငန်းများအတွက် တွက်ချက်မှုဆော့ဖ်ဝဲများ ဖန်တီးအသုံးပြုခြင်းတို့ကို ဆောင်ရွက်ရန်တို့ ပါဝင်သည်။