Myanmar National Post

နောင်ချိုမြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၀၆၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



နေပြည်တော်၊ အောက်တိုဘာ ၁၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အောက်တိုဘာလ ၁၆ ရက်နေ့ ၁၅၀၀ အချိန် နောင်ချိုမြို့နယ်၊ မကျီးရေကျေးရွာအနီးတွင် မိုင်းရယ်မှ မန္တလေးသို့ မျိုးသန့်ထက်(ခ)မျိုးကြီး မောင်းနှင်ပြီး မခတ္တာဖူး လိုက်ပါလာသည့် HINO VAN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၄၄ သိန်း(ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၂ ဘီလီယံ)၊ ဘိန်းညိုမှုန့် အလေးချိန် ၁၆၀ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၀ ဒသမ ၈ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ ၁၈၃၀ အချိန် အဆိုပါနေရာ၌ သီပေါမှ နောင်ချိုသို့ စိုင်းညွန့်ဆွေ မောင်းနှင်ပြီး စိုင်းအောင်ပွင့် လိုက်ပါလာသည့် MITSUBISHI CANTER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၁ ဒသမ ၃ သိန်း(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၅၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မျိုးသန့်ထက်(ခ)မျိုးကြီး(၃၄)နှစ်၊ မခတ္တာဖူး၊ စိုင်းညွန့်ဆွေ(၂၈)နှစ် နှင့် စိုင်းအောင်ပွင့်(၃၁)နှစ်တို့အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#News #Myanmar


မူရင်းသတင်း — Myanmar National Post