
ပြင်သစ်နိုင်ငံမှ သွားတိုက်ဆေးဘူးများအတွင်း မူးယစ်ဆေးဝါးများထည့်ကာ နိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချခဲ့သည့် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်နှင့် ဆက်စပ်သည့်အမှုအတွက် စက်တင်ဘာ ၃ ရက်တွင် ဗီယက်နမ်တရားရုံးက လူ ၂၂၇ ဦးကို ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့သည်။
၎င်းတို့အနက် ၁၁ ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး ၁၉ ဦးကို ထောင်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ ကျန်လူများကိုလည်း ပြစ်မှုအလိုက် ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနများက ဖော်ပြကြသည်။
ယခုအမှုတွင် မူးယစ်ဆေးဝါးများကို ပြင်သစ်မှ ဗီယက်နမ်သို့ လေကြောင်းခရီးစဉ်များနှင့် နိုင်ငံတကာကုန်ပစ္စည်း ပို့ဆောင်ရေးဝန်ဆောင်မှုများမှတစ်ဆင့် လျှို့ဝှက်သယ်ခဲ့ကြခြင်းဖြစ်သည်။ ထိုအမှုတွင် ပြင်သစ်နိုင်ငံ၌ နေထိုင်သည့် ဗီယက်နမ်နိုင်ငံသားများအပြင် ဗီယက်နမ်လေယာဉ်မယ်များလည်း ပါဝင်ကြောင်း ဖော်ထုတ်တွေ့ခဲ့ရသည်။
ဗီယက်နမ်နိုင်ငံ၏ မူးယစ်ဆေးဝါးမှုများအနက် အကြီးမားဆုံး အစုလိုက်ပြစ်ဒဏ်ချမှတ်မှုများထဲမှ တစ်ခုဖြစ်ပြီး မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်၏ အဓိကခေါင်းဆောင်ကို မျက်ကွယ်သေဒဏ် ချမှတ်ခဲ့သည်။ ထိုကွန်ရက်ကို ၂၀၂၃ ခုနှစ်အစောပိုင်းတွင် စတင်ဖော်ထုတ်နိုင်ခဲ့သည်။ ဟိုချီမင်းလေဆိပ်တွင် အကောက်ခွန်အရာရှိများက စစ်ဆေးရာ သွားတိုက်ဆေးဘူးပေါင်း ၁၅၀ ကျော်အတွင်း MDMA ၁၁ ကီလိုဂရမ်နှင့် ကက်တမင်းမူးယစ်ဆေးများ ထည့်ထားသည်ကို တွေ့ခဲ့ရသည်။
အဆိုပါသွားတိုက်ဆေးဘူးများကို ပြင်သစ်မှ ဗီယက်နမ်သို့ ဗီယက်နမ်လေကြောင်းလိုင်းမှ လေယာဉ်မယ်လေးဦးက သယ်လာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် ပစ္စည်းသယ်ခ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄၅၀ ခန့်ရမည်ဟု သဘောတူထားခဲ့သည်။ သို့သော် လေယာဉ်မယ်လေးဦးက ၎င်းတို့သယ်လာသည့် ပစ္စည်းများအတွင်း မူးယစ်ဆေးများပါနေသည်ကို ကြိုသိထားသည်ဆိုသည့် သက်သေမရှိသည့်အတွက် တရားစွဲမခံရပေ။
ဗီယက်နမ်သည် သေဒဏ်ကို ဆက်လက်ကျင့်သုံးနေသည့် ကမ္ဘာ့နိုင်ငံ ၅၄ နိုင်ငံအနက် တစ်နိုင်ငံဖြစ်သည်။ ပြီးခဲ့သည့်လတွင် ဗီယက်နမ်အစိုးရက မူးယစ်ဆေးဝါးမှောင်ခိုမှု အပါအဝင် ပြစ်မှုခြောက်ခုအတွက် သေဒဏ်ဖျက်သိမ်းရေးကို အဆိုပြုခဲ့သည်။ သို့သော် ယင်းအဆိုပြုချက်က သက်ရောက်မှုမရှိသေးပေ။
Ref: AFP