Myanmar National Post

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ဗီယက်နမ်နိုင်ငံမှ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နွေးထွေးစွာ ကြိုဆိုဂုဏ်ပြု

 








ဟနွိင်း၊ စက်တင်ဘာ ၄

ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ယနေ့ စက်တင်ဘာ ၄ ရက်တွင် ဟနွိင်းမြို့ နွိင်ဘိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများက နွေးထွေးလှိက်လှဲစွာ ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ပါသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ စီးနင်းလိုက်ပါလာသည့် အထူးလေယာဉ်သည် နွိင်ဘိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာရာ ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ စစ်သံမှူးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ လေယာဉ်ပေါ်မှ ဆင်းသက်လာချိန်တွင် ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးခဲ့ကြပါသည်။

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် အစဉ်အလာအားဖြင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးရှိသည့် အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံအကြား နိုင်ငံရေးနှင့် သံတမန်ဆက်ဆံရေးသာမက ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ယဉ်ကျေးမှုအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်လျက်ရှိပါသည်။

နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ရှိရင်းစွဲ အစဉ်အလာချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုတိုကို ပိုမိုခိုင်မာစေပြီး နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိင်းစွာ တိုးမြှင့်ဖော်ဆောင်နိုင်ရေးအတွက် အရေးပါသည့် နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်တစ်ရပ်ဖြစ်ပါသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post