
ပဲခူး၊ စက်တင်ဘာ ၄
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လက်ရှိကာလသည် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး မိုးစပါးအပါအဝင် မိုးသီးနှံများ ရိတ်သိမ်းလျက်ရှိသည့် ကာလဖြစ်သဖြင့် သီးနှံများ လေလွင့်ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး စနစ်တကျ စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိုးသီးနှံစိုက်ဧကများတွင် ရေဝင်ရောက်မှု ကြာရှည်ခြင်းမရှိစေရေး ရေထွက်ပေါက်များကောင်းမွန်စေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး အထွက်နှုန်း ထိခိုက်မှုမရှိစေရေး သားတက်ပွားစနစ်ဖြင့် ပြန်လည်ဖာထေးစိုက်ပျိုးခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။
ထို့ပြင် တန်ဖိုးမြှင့် ပေါ်ဆန်းစပါးမျိုးများအပြင် စားသုံးမှုအရည်အသွေးကောင်းမွန်သည့် ဒေသမျိုးများဖြစ်သော တောင်ပျံမွှေး၊ ငကျွဲမွှေးနှင့် ပေါ်ကျွဲစပါးမျိုးများကို မျိုးသန့်ခြင်း၊ မျိုးပွားခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်းများ တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ Rice Export Zone တွင် တန်ဖိုးမြှင့်စပါးမျိုးများ ထည့်သွင်းစိုက်ပျိုးရန်နှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီနိုင်သည့် အောင်နိုင်တိုးစပါးမျိုးများကို မျိုးသန့်မျိုးပွား၍ မျိုးစေ့ထုတ်လုပ်ခြင်းများဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီနှင့် နွေစပါးစိုက်ပျိုးရာသီများတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် စိုက်ပျိုးရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် တားမြစ်ပိတ်ပင်ထားသည့် ပိုးသတ်ဆေးဝါးများ သုံးစွဲခြင်း၊ ရောင်းချခြင်းမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီများမှ တာဝန်ရှိသူများက မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေးအတွက် လျာထားဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို PowerPoint ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး ဆောင်ရွက်သင့်သည့် အခြေအနေများကို သုံးသပ်အကြံပြု ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးသီးနှံအမျိုးအစား တစ်ခုချင်းအလိုက် လိုအပ်သည်များကို အသေးစိတ်ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်
#News #Myanmar