
ဘားအံ၊ စက်တင်ဘာ ၄
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံလိုအပ်ချက်ဖြစ်သော လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးကို အဆင့်မြင့်ပညာကဏ္ဍမှ ပြုစုပျိုးထောင်ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ်၌ အသေးစား၊အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်း(MSME) အထောက်အကူပြု အသုံးချပညာရပ်များ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘားအံတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေး၍ လက်တွေ့အသုံးချနိုင်သည်အထိ လေ့လာ၊ မှတ်သား၊ သင်ယူကြစေလိုပြီး မိမိဒေသနှင့်မိမိနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ကာ အဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲစေရေးအတွက် မြင့်မားသည့်အသိဉာဏ်ပညာစွမ်းပကား၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးသည့်စိတ်၊ ကိုယ်ကျင့်သိက္ခာတရားကိုတန်ဖိုးထားသည့်စိတ်၊ တီထွင်ဖန်တီးထိုးထွင်းဆောင်ရွက်လိုသည့်စိတ်စသည့် စိတ်ဓာတ်ကောင်းများကိုမွေးမြူ၍ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက MSME အထောက်အကူပြု အသုံးချပညာရပ်များ အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဘားအံတက္ကသိုလ် ပါမောက္ခဌာနမှူးများက သက်ဆိုင်ရာဌာနများအလိုက် အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးသင်ကြားမည့် ဘာသာရပ်များကို ရှင်းလင်းတင်ပြကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဘားအံတက္ကသိုလ် သိပ္ပံဘာသာရပ်(၅)ခုက အသုံးချပညာရပ်များဖြစ်သည့် ငါးဆေးထိုးသားဖောက်နည်းပညာ၊ မှိုမျိုးစုံစိုက်ပျိုးနည်းပညာ၊ ဆပ်ပြာအမျိုးမျိုးပြုလုပ်နည်းပညာ၊ ကွန်ပျူတာအသုံးပြုလျှပ်စစ်ပတ်လမ်းများရေးဆွဲခြင်းနည်းပညာ၊ အခြေခံကျောက်မျက်ပညာတို့ကိုလည်းကောင်း၊ ဝိဇ္ဇာဘာသာရပ်(၃)ခုက ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာခရီးသွားပညာ၊ လူမှုစီးပွားရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာခရီးသွား ပညာ၊ ဗုဒ္ဓဘာသာစေတီပုထိုးနှင့် ရုပ်တုဆိုင်ရာအနုပညာတို့ကိုလည်းကောင်း ကျောင်းသား၊ကျောင်းသူ ၂၆၅ ဦးနှင့် ဌာနမှူးပါမောက္ခများက စက်တင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် နှစ်ရက်ကြာ ဆွေးနွေးသွားကြမည်ဖြစ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ကြမည့် ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း
#News #Myanmar