Myanmar National Post

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ဖလမ်းခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဖလမ်းမြို့တွင်း ဌာနဆိုင်ရာအဆောက်အအုံများ ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်‌ဆေး








ချင်း၊ စက်တင်ဘာ ၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည်  စက်တင်ဘာ(၃)ရက်နေ့တွင် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ပြီး အမှာစကားပြောကြားပြီးနောက်၊ မွန်းလွဲပိုင်းတွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ပျက်စီးသွားသည့် ဌာနဆိုင်ရာ အဆောက်အအုံများ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ 

ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတဝန်ကြီး ဦးဝင်းဇော်ဦး၊ ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့တော်ခန်းမ၌ ကျင်းပသည့် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲသို့တက်ရောက် အမှာစကားပြောကြားရာတွင် ဖလမ်းမြို့ကို တပ်မတော်မှပြန်လည်ထိန်းချုပ်ပြီးနောက် နိုင်ငံတော်မှ ချင်းပြည်နယ်အတွင်း  ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်နိုင်ရန် ပြည်ထောင်စု ဒုတိယဝန်ကြီးဦးဆောင်ကာ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ကော်မတီကို ဖွဲ့စည်းပြီး ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ပြင်ဆင်ခြင်း၊ လိုအပ်ချက်များအလိုက် သက်ဆိုင်ရာဌာနဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့်နည်းတူ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိပြီး ဆောင်ရွက်နေကြောင်း၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာရုံးများလည်း ပြန်လည်ဖွင့်လှစ်လည်ပတ်နေပြီဖြစ်ကြောင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာန(၃၉)ခုရှိ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အဆောက်အအုံ (၂၀၈)ခုအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုခွင့်ပြုရန်ပုံငွေ ကျပ်(၉၆၀၁ ဒသမ ၂၆၈၂၇)သန်းဖြင့် ကုမ္ပဏီ (၁၄၈)ခုမှ ပြုပြင်ခြင်းလုပ်ငန်းများအား ဩဂုတ်လ(၃) ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိပြီဖြစ်ရာ၊ ပြုပြင်ရန်ကျန်ရှိသည့် တစ်စိတ်တစ်ပိုင်း ပျက်စီးသည့် အဆောက်အအုံ(၅၀)နှင့် အလုံးစုံပျက်စီးသည့်အဆောက်အအုံ(၇၂)ခုတို့အား သက်ဆိုင်ရာဌာနအစီအစဥ်ဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးများအပြင် လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်ရေး ကွန်ရက်များပြန်လည်လည်ပတ်နိုင်ရေးစသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဌာနဆိုင်ရာများနှင့် ပြည်သူများအနေဖြင့် အခက်အခဲများကို တင်ပြဆွေးနွေးကြရန်နှင့် သက်ဆိုင်ရာဌာနများအလိုက် ပူးပေါင်းရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ချင်းပြည်နယ်ဝန်ကြီး ဦးဝင်းဇော်ဦးက ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ချင်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဖလမ်းမြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်း ကော်မတီဝင်များနှင့်အတူ ဖလမ်းခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ဖလမ်းမြို့နယ်မီးသတ်ဦးစီးဌာန ရုံးအဆောက်အအုံ ပြန်လည်ပြုပြင်နေမှုများကို လည်းကောင်း၊ အကြမ်းဖက်ဖြစ်စဥ်များကြောင့်ပျက်စီးသွားသည့် ဖလမ်းမြို့ပြည်သူ့ဆေးရုံဝင်းအတွင်း အပျက်အစီးများ ရှင်းလင်းပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်ပြန်လည်ပြုပြင်နေမှုနှင့် ခရိုင်လမ်းဦးစီးဌာန ရုံးအဆောက်အအုံ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့တော်ခန်းမတွင် ဖွင့်လှစ်ထားသည့် ဖလမ်းမြို့ ယာယီဆေးရုံသို့သွားရောက်ကာ ဆေးရုံတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ကျန်းမာ‌ရေးဝန်ဆောင်မှုပေးနေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post