Eleven Media Group

ကျောင်းထိုင်ဘုန်းကြီး ဖမ်းဆီးခံရမှုအပြီး ထိုင်းဝန်ကြီးချုပ်၏ ​ဒေါ်လာ ၉၀,၀၀၀ တန်အဆောင်ကိစ္စ ဝေဖန်ခံနေရ

ငွေ​​အလွဲသုံးမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံများကြောင့် လူဝတ်လဲ ဖမ်းဆီးစစ်ဆေးခံနေရသည့် ကျောင်းထိုင်ဘုန်းကြီး ပြုလုပ်ထားသော တန်ဖိုးကြီးရွှေအဆောင်ကို ဝတ်ဆင်ထားသည့် ထိုင်းဝန်ကြီးချုပ် အနူတင်၏ ဓာတ်ပုံဟောင်းများ လူမှုကွန်ရက်တွင် ပြန်လည်ပျံ့နှံ့လာပြီးနောက် ဝေဖန်မှုများ ထွက်ပေါ်လာသည်။
၂၀၂၃ ခုနှစ် ၊ အောက်တိုဘာက ရိုက်ကူးထားသည့် ဓာတ်ပုံများဖြစ်ပြီး ထိုစဉ်အနူတင်က ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။ ထိုင်းသတင်းဌာန ThaiRath ၏ ဖော်ပြချက်အရ အနူတင်သည် ဘွန်ဂျိုင်ထိုင်းပါတီမှ အမတ်များကို ဦးဆောင်ကာ ထိုင်းနိုင်ငံတွင် ထိုအချိန်က လူကြိုက်များခဲ့သည့် The Undertaker ရုပ်ရှင်ကို သွားကြည့်စဉ် ထိုအဆောင်ကို ဝတ်ထားခဲ့သည်။


အနူတင်က သတင်းထောက်များရှေ့ပင် အဆောင်ကိုထုတ်ပြခဲ့ပြီး ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုနှင့် နိုင်ငံ၏ Soft Power ကို ကိုယ်စားပြုသည့်အရာအဖြစ် ချီးကျူးပြောဆိုခဲ့သည်။
ထိုအဆောင်သည် အယုဒ္ဓယပြည်နယ်ရှိ ဝပ်ဖုထိုင်းဆဝန် ဘုန်းကြီးကျောင်းကထုတ်လုပ်သည့် ရှားပါးရွှေသားအဆောင်ဖြစ်ပြီး တန်ဖိုးအားဖြင့် ဘတ်သန်း ၃၀ ခန့် (အမေရိကန်ဒေါ်လာ ၉၀,၇၀၀) ဝန်းကျင်ရှိသည်ဟု သိရသည်။ ထိုအဆောင်က ကံကောင်းစေမည်၊ ချမ်းသာကြွယ်ဝစေမည်၊ လူမှုအဆင့်အတန်း မြင့်မားလာစေမည်ဟု ယုံကြည်ကာ အဆောင်စုဆောင်းသူများက တန်ဖိုးထားကြသည်။


ထိုဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဖမ်းဆီးခံရပြီးနောက် ဝန်ကြီးချုပ်၏အဆောင်ကိစ္စက ပြန်လည်အာရုံစိုက်ခံလာရသည်။အသက် ၆၆ နှစ်အရွယ် ဖရာ ဝါချီရာယန်ကို စက်တင်ဘာ ၁၀ ရက် မနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဘုန်းကြီးကျောင်းမှ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစားပြုခဲ့သည်ဆိုသည့် စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းနှင့် မဖွယ်မရာပတ်သက်နေသည့် အသက် ၄၇ နှစ်အရွယ် အမျိုးသမီးကိုပါ ဖမ်းဆီးလိုက်သည်။
ထိုဘုန်းကြီး၏ အပြုအမူများနှင့် ပတ်သက်၍ သည်းမခံနိုင်တော့သည့် ဒကာအချို့က သက်သေခံဗီဒီယိုမှတ်တမ်းများကို ရဲတပ်ဖွဲ့ထံ ပေးခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ ဝါချီရာယန်သည် နှစ်နှစ်အတွင်း ဘုန်းကြီးကျောင်း အလှူငွေများနှင့် အဆောင်ရောင်းရာမှ ရရှိသည့် ဝင်ငွေများကို အလွဲသုံးစားပြုခဲ့သည်။


၎င်းနှင့်ပတ်သက်နေသည့် အမျိုးသမီးထံလည်း ငွေများလွှဲပြောင်းပေးကာ ထိုအမျိုးသမီး၏ ဘဏ်အကောင့်မှတစ်ဆင့် ထိုင်းဘတ် ဘီလီယံနှင့်ချီသည့်ငွေများ စီးဆင်းခဲ့သည်ဟု စစ်ဆေးသူများက ယူဆကြသည်။ စက်တင်ဘာ ၁၀ ရက်တွင် ​ကျောင်းဝင်းထဲမှ ဝါချီရာယန်၏အခန်းကို ရှာဖွေရာ ငွေသားနှင့်ရွှေတုံးများ တွေ့ခဲ့ပြီး စုစုပေါင်းတန်ဖိုး ဘတ် သန်း ၁၀၀ ဝန်းကျင်ရှိသည်ဟု ခန့်မှန်းထားသည်။


အမျိုးသမီး၏ နေအိမ်ကိုလည်း သွား​ရောက်ရှာဖွေရာ ရွှေအဆောင် ၃၅ ခု၊ ရွှေတုံးများနှင့် လက်ဝတ်ရတနာများကိုတွေ့ခဲ့ပြီး တန်ဖိုးဘတ်​ခြောက်သန်းကျော်ရှိကြောင်း သိရသည်။ထို့ပြင် ငွေသားဘတ် ၃ ဒသမ ၆ သန်းနှင့် မြေယာနှင့် ဘဏ်အကောင့်ဆိုင်ရာ စာရွက်စာတမ်း ၁၀ စောင်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။


Ref: South China Morning Post (SCMP)
Photo: SCMP / The Nation Thailand

မူရင်းသတင်း — Eleven Media Group