Myanmar National Post

ဂျော်ဒန်က ဆီးရီးယားနိုင်ငံထဲက အကြမ်းဖက်စခန်းတွေကို ဗုံးကျဲတိုက်ခိုက်


အောက်တိုဘာ - ၂၇ ( အင်္ဂါနေ့ ) 

ဂျော်ဒန်နိုင်ငံဟာ ပြီးခဲ့တဲ့အပတ်က ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ လူသတ်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်၊ အိမ်နီးချင်း ဆီးရီးယားနိုင်ငံဘက်က အကြမ်းဖက်စခန်းတွေလို့ ထင်တဲ့နေရာတွေကို တနင်္လာနေ့မှာ လေကြောင်းကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလုပ်ရပ်အပေါ် ဆီးရီးယားအစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

ဂျော်ဒန်ဘုရင့်လေတပ် (RJAF) ရဲ့ ထုတ်ပြန်ချက်အရ တိုက်လေယာဉ်တွေဟာ ဆီးရီးယားနိုင်ငံ တောင်ပိုင်းက “အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ပုန်းခိုရာနေရာတွေကို” ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် “အကြမ်းဖက်သမား အများအပြား” သေဆုံးဒဏ်ရာရခဲ့ပြီး၊ အမျိုးအမည်မသိတဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာတချို့လည်း ပျက်စီးသွားတယ်လို့ ဖော်ပြထားပါတယ်။

ဂျော်ဒန်လေတပ်ဘက်ကတော့ ဆီးရီးယားအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်ခဲ့တာပါလို့ ဆိုပေမဲ့၊ ဒမက်စကပ်အစိုးရကတော့ ကြိုတင်အကြောင်းကြားချက် တစ်စုံတစ်ရာ လက်ခံရရှိခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အစိုးရဘက်က ကြိုတင်ညှိနှိုင်းမှု မရှိဘဲ ဆီးရီးယားပိုင်နက်ထဲမှာ လုပ်ဆောင်ခဲ့တဲ့ အဲဒီစစ်ဆင်ရေးအပေါ် ကန့်ကွက်ကြောင်း ဂျော်ဒန်ဘက်ကို အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။

ဆီးရီးယားနိုင်ငံ ဒါရာပြည်နယ် ကျန်းမာရေးညွှန်ကြားရေးမှူး ခါလစ် အယ်လ်-အိုမီယန် က ဆန်နာ သတင်းဌာနကို ပြောကြားရာမှာတော့ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ပြီး၊ အခြား ၃ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆီးရီးယားအစိုးရက ထုတ်ပြန်ချက်တစ်ခုမှာ “ဒီကံဆိုးမိုးမှောင်ကျမှုကြီးထဲမှာ ထိခိုက်ခံစားရတဲ့ ဆီးရီးယားမိသားစုတွေနဲ့အတူ ကျနော်တို့ ရပ်တည်ပါတယ်၊ အပြည့်အဝ ထောက်ခံအားပေးကြောင်းလည်း အတည်ပြုပြောကြားပါတယ်” လို့ ဖော်ပြထားပါတယ်။

ဂျော်ဒန်နိုင်ငံ ကရက်ပြည်နယ်၊ ဟာမောက်မြို့နယ်မှာရှိတဲ့ ဂရိ အော်သိုဒေါ့စ်  ဘုရားကျောင်းမှာ သေဆုံးသွားသူတစ်ဦးရဲ့ ဈာပနကို လာရောက်ဝမ်းနည်းပူဆွေးကြသူတွေကို သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ လူ ၉ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရသွားခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပွားအပြီးမှာ ဂျော်ဒန်ဘက်က တုံ့ပြန်လက်စားချေမယ်လို့ ကတိကဝတ်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုလာတာ မရှိသေးပါဘူး။ ဂျော်ဒန်ရဲတပ်ဖွဲ့ကတော့ ဟာမောက်မြို့က နေရာတစ်ခုကို ဝင်ရောက်စီးနင်းရာမှာ သံသယရှိသူ ၃ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ရိုယာသတင်းဌာန ရဲ့ သတင်းရင်းမြစ်ကို ကိုးကားဖော်ပြချက်အရ ဖမ်းဆီးခံရသူတွေထဲက တစ်ဦးဟာ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အရေးပေါ် အနေအထားနဲ့ ဆေးကုသမှုခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post