Myanmar National Post

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၉၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ယခင်နှစ်များထက်ဘုရားဖူးလာပြည်သူများဖြင့် စည်ကား






မကွေး၊ အောက်တိုဘာ ၂၆

မကွေးမြို့၊သမိုင်းဝင်မြသလွန်စေတီတော်မြတ်ကြီး၏(၂၅၉၀)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားဖူးလာပြည်သူများဖြင့်စည်ကားလျက်ရှိသည်။

သမိုင်းဝင်မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၉၀ )ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်း ကျွတ်လဆန်း(၁၀)ရက် မှ တန်ဆောင်မုန်းလဆန်း(၆)ရက်နေ့အထိ ရက်ပေါင်း (၂၆)ကြာ စီကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။

အဆိုပါဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီး အထိမ်းအမှတ်ဆီမီး၉၀၀၀၊ ပန်း၉၀၀၀၊ နံ့သာ၉၀၀၀ထွန်းညှိ ကပ်လှူ ပူဇော်ပွဲများအပြင်၊ ယခင်နှစ်များ၌ မပြုလုပ်ခဲ့ဖူးသည့် စိန်နားပန်မီးပုံးပျံ၊ ညမီးကြီးမီးပုံးပျံ၊ မီးပုံပျံငယ်များလွှတ်တင်ခြင်းများဖြင့် တွဲဖက်ကာ တမူထူးခြားအောင် ကျင်းပသွားမည်ဖြစ်ပြီးဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် သီတင်း ကျွတ်လပြည့်ကျော် (၂) ရက်နေ့တွင် မကွေးမြို့ပေါ်ရှိစာသင်တိုက်များ နှင့် ဘုန်းတော်ကြီးကျောင်းများ မှ သံဃာတော်တို့အားပင့်ဖိတ်၍ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်သွားမည် ဖြစ်ကြောင်း၊ဘုရားပွဲတော်အတွင်းဈေးဆိုင်တန်းများ၊ စားသောက်ဆိုင်များ ၊ ကလေးကစားကွင်းများ၊ နိုင်ငံကျော်ဇာတ်သဘင်များ၊ ဖျော်ဖြေရေးအစီစဉ်များ၊ ဒေသထွက်ကုန်အရောင်းဆိုင်များ နှင့် အညာဒေသ ရိုးရာမုန့်ဆိုင်တန်းများဖြင့် ခင်းကျင်းရောင်းချပေးလျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများဖြင့် နေ့စဉ် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။


#News #Myanmar


မူရင်းသတင်း — Myanmar National Post