
နေပြည်တော်၊ စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့၏ အရှေ့တောင်ဘက် ရေမိုင် ၈၀ ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ငါးသယ်လှေတစ်စင်းပေါ်တွင် လိုက်ပါလာသူများအား တပ်မတော် (ရေ) နှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၀ ရက် နံနက် ၆ နာရီ မိနစ်၂၀ ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့၏ အရှေ့တောင်ဘက် မိုင် ၈၀ ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း တိုးတိုးလွင် (၉၉) အမည်ရှိ ငါးသယ်လှေတစ်စင်းရေဝင်နစ်မြုပ်နေကြောင်း သတင်းရရှိသဖြင့် ပင်လယ်ပြင်အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှ စစ်ရေယာဉ်တစ်စင်းနှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ ရေယာဉ်တစ်စင်းတို့သည် အနီးအနားရှိ ဒေသခံငါးဖမ်းလှေများ နှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အဆိုပါငါးသယ်လှေပေါ်၌ လိုက်ပါလာသူများအနက် ၁၁ ဦးတို့ကို ရေယာဉ်ပေါ်သို့ ကူညီကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါရေဝင်နစ်မြုပ်ခဲ့သည့် လှေပေါ်မှ ကူညီကယ်ဆယ်ထားရှိသူများအား သက်ဆိုင်ရာသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပို့ဆောင်နိုင်ရေး တာဝန်ရှိသူများက လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်စွာ စနစ်တကျစောင့်ရှောက်ထားကြောင်း သတင်းရရှိသည်။
#Myanmar #News