Eleven Media Group

■  သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမှုအတွက် ဂုဏ်ယူကြောင်းနှင့် အာဆီယံတွင် မြန်မာနိုင်ငံဘက်က ရပ်တည်ထောက်ခံသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ပြောကြား

■ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမှုအတွက် ဂုဏ်ယူကြောင်းနှင့် အာဆီယံတွင် မြန်မာနိုင်ငံဘက်က ရပ်တည်ထောက်ခံသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ပြောကြား

■ ကမ္ဘောဒီးယား- မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးတက်ခိုင်မာလာအောင် ကြိုးပမ်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

■ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း နိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေး


သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမှုအတွက် ဂုဏ်ယူကြောင်းနှင့် အာဆီယံတွင် မြန်မာနိုင်ငံဘက်က ရပ်တည်ထောက်ခံသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် က
ပြောကြားသည်။

စက်တင်ဘာ ၁၁ ရက်) နေ့လယ်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် တို့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံး(Peace Palace)ရှိ အစည်းအဝေးခန်း၌ တွေ့ဆုံ၍ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ ကျင်းပရာတွင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် က အဆွေတော် သမ္မတကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် သမ္မတကြီးအနေဖြင့် တစ်ကြိမ်လာရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ မိမိတို့ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံဥက္ကအဖြစ် တာဝန်ယူချိန်တွင် အဆွေတော်တို့၏ ကူညီဆောင်ရွက်မှုများကိုကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ အဖြစ်တာဝန်ယူချိန်တွင် မြန်မာနိုင်ငံသို့ ဝန်ကြီးချုပ် ဟွန်ဆန်ဖြင့် ရောက်ရှိခဲ့ဖူးကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ကိုပိုမိုမြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြား သည်။

ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြလုပ်နိုင်ခဲ့မှု၊ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမှု၊ ပြည်တွင်းဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများအတွက် ဂုဏ်ယူပါကြောင်း၊ အာဆီယံတွင် မိမိတို့အနေဖြင့် မြန်မာနိုင်ငံဘက်က ရပ်တည်ထောက်ခံသွားမည် ဖြစ်ကြောင်း၊ JCBC ကိုအမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူပါကြောင်း၊ အဆိုပါအစည်းအဝေး၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို အသေး စိတ်ဆွေးနွေးနိုင်ပါကြောင်း၊ လာမယ့်နှစ်တွင် ရွေးကောက်ပွဲကို ကြိုတင်ပြင်ဆင်ပြီး ၂၀၂၈ ခုနှစ်၌ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် က ပြောကြားသည်။

အွန်လိုင်းလောင်းကစားနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံအနေဖြင့် ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံများအနေဖြင့် အသုံးချခံနေရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာ၏ စွပ်စွဲမှုများကို ခံနေရခြင်း ဖြစ်ကြောင်း၊ မိမိတို့အစိုးရတာဝန်ရှိသူများအနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းပြီး အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ခဲ့ကြောင်း၊ ပြည်ထဲရေးဝန်ကြီး၏ တိုက်ရိုက်ကွပ်ကဲမှုအောက်ကနေ အထူးစစ်ဆင်ရေးများနှင့် တိုက်ဖျက်ခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ အွန်လိုင်းလိမ်လည်မှုပပျောက်ရေး အစည်းအဝေးကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ အနာဂတ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်နေပြီး ပြည်သူအချင်းချင်း ဆက်ဆံရေးသဘောတူစာချုပ်၊ သတင်း အချက်အလက်အပြန်အလှန်ဖလှယ်ရေးကိုလည်း သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါကြောင်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် က ပြောကြားသည်။

နှစ်နိုင်ငံဆက်ဆံရေးအနေဖြင့် အာဆီယံနိုင်ငံအတွင်း မြန်မာနိုင်ငံဘက်မှ အစဉ်အမြဲရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ တည်ငြိမ်အေးချမ်းမှုများ ရရှိရေးအတွက် မိမိတို့အနေဖြင့် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား နိုင်ငံအနေဖြင့် မြန်မာနိုင်ငံပြည်တွင်းရေးကို လုံးဝဝင်မစွက်ဖက်ဘဲ မြန်မာနိုင်ငံအနေဖြင့် မိမိတို့မူဝါဒနှင့် ဆောင်ရွက်ရမည်ကို သိရှိပါကြောင်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် က ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေးပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် ဖနောင်ပင်မြို့၏ မြို့ပြစနစ်တကျ ခေတ်မီတိုးတက်လာမှုများကို တွေ့မြင်ရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ အတွက် မြန်မာပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားသည့်စိတ်၊ မိတ်ဆွေ ကောင်းပီသသည့်စိတ်ဖြင့် ကယ်ဆယ်ရေးပစ္စည်းများနှင့် လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ မိမိ၏နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံမှ အထူးကိုယ်စားလှယ်စေလွှတ်ပေးခြင်းနှင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခြင်းခံရမှု အပေါ် အဆွေတော်ထံမှဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့မှုအတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ရွေးကောက်ပွဲ ပထမပိုင်းနှင့် တတိယပိုင်းကို ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်များကို လေ့လာသူအဖြစ် စေလွှတ်ပေးသည့်အတွက်အသိအမှတ်ပြု ဝမ်းမြောက်ပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အပြုသဘော ဖြစ်ပေါ်တိုးတက်မှုများကို အစဉ်တစိုက် ထောက်ခံပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိနိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူဆောင်ရွက်သည့်အချိန်တွင် ကမ္ဘောဒီးယား- မြန်မာနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမို တိုးတက်ခိုင်မာလာအောင် ကြိုးပမ်းလုပ်ဆောင်သွားမည်ကို အခိုင်အမာ ပြောကြားလိုကြောင်းလည်း နိုင်ငံတော်သမ္မတ က ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ရပ်တည်ထောက်ခံပေးလျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME) ကဏ္ဍ၊ ခရီးသွား ကဏ္ဍ၊ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အလုပ်အကိုင်အခွင့် အ လမ်းကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မှု အခြေအနေများ အား ဆွေးနွေးခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်း ကစားမှုများ ပပျောက်စေရေး ထိထိရောက်ရောက် ရှင်းလင်းဆောင်ရွက်လျက်ရှိမှုနှင့် ကမ္ဘောဒီးယားနိုင်ငံ အစိုးရအနေဖြင့်လည်း အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှုများ ပပျောက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်ပြောင်းလဲလျက်ရှိမှု၊ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုအလေးထားပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့် မိတ်ဆွေ ကောင်းနိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည့် အခြေအနေ များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ကမ္ဘောဒီးယားအစိုးရအဖွဲ့မှ အဆင်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

မူရင်းသတင်း — Eleven Media Group