Myanmar National Post

ပြည်နယ်လူမှုရေးရာဝန်ကြီး သင်္ဃန်းညီနောင်ကျေးရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းတွေ့ဆုံ‌‌ဆွေးနွေး


ဘားအံ၊ စက်တင်ဘာ ၁၄

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းအောင်နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာ နဆိုင်ရာတာဝန်ရှိသူများက စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက မြဝတီမြို့နယ်သို့ မြေပြင်ကွင်းဆင်းသွားရောက်ပြီး သင်္ဃန်းညီနောင်ကျေးရွာ ပြည်လည်ထူထောင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိများ၊ ဒေသခံတာဝန်ရှိသူ၊ ပြည်သူများနှင့်တွေ့ဆုံဆွေးနွေး လမ်းညွှန်မှာကြားသည်။

ဦးစွာပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့်တာဝန်ရှိသူများသည် မြဝတီမြို့နယ် ရင်ခွဲတောင်အနီးရှိ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြဝတီမြို့အဝင် ဆိုင်းဘုတ်ရှေ့တွင် မြို့သန့်ရှင်းသာယာလှပရေး သစ်ပင်ပန်းပင်စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအ‌နေများ၊ အာရှလမ်းမကြီးဘေး ကွမ်းခြံကုန်းကွေ့ရှိ “နဘယသုခ” စေတီတော် ထီးတော်သစ်တင်လှူနိုင်ရေးနှင့် ကွမ်းခြံကုန်းကွေ့၌ ယာဉ်အန္တရာယ်ဖြစ်ပွားမှု နည်းပါးစေရေး မဖြစ်ပွားစေရေးအတွက် လမ်းညွှန်အမှတ်အသားဆိုင်းဘုတ်များ စိုက်ထူနိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြန်လည်ထူထောင်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီးသည် မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် သင်္ဃန်းညီနောင် ပြန်လည်ထူထောင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍အဖွင့်အမှာစကား ဆွေးနွေးပြောကြားပြီး ပြန်လည်ထူထောင်ရေးကော်မတီ အတွင်းရေးမှူး မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက သင်္ဃန်းညီနောင်ကျေးရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးမင်းရွှေက ပြန်လည်ထူထောင်ရေးလုပ်ငန်းကိစ္စရပ်များနှင့် ပတ်သပ်၍ ဖြည့်စွက်ဆွေးနွေးခြင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့၏ ကဏ္ဍများအလိုက် ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိ၊ မြို့ဖများက ဆွေးနွေးတင်ပြရာ ပြည်နယ်လူမှု‌ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လိုလားချက်နှင့် လိုအပ်ချက်များအား ပြန်လည် ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ သင်္ဃန်းညီနောင် ပြည်လည်ထူထောင်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် သင်္ဃန်းညီနောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၊ ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံး၊ ဌာနဆိုင်ရာအဆောက်အဦများနှင့် လူနေအိမ်များ ပြိုပျက် ပျက်စီးမှုအခြေအနေများအား မြေပြင်သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်အစိုးရအဖွဲ့အနေနှင့် သက်ဆိုင်ရာ ပြည်ထောာင်စုဝန်ကြီးဌာနများအနေဖြင့် စီမံဆောင်ရွက်ပေးနိုင်မှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် မြဝတီမြို့နယ် မိုးလုံလေလုံအားကစားခန်းမနှင့် မြို့မဘောလုံးကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြုရေး အထက်တန်းကျောင်းသို့သွားရောက်ပြီး ကျောင်းသား ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာအားပေးစကားများ ပြောကြားခြင်းနှင့် ငွေဟင်္သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိမလ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ဘုရားအား ဖူးမျှော်ကန်တော့၍ လှူဖွယ်ဝတ္ထုများအားဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post