
အရှေ့အလယ်ပိုင်း စစ်ပွဲစတင်ချိန်မှစ၍ ဆက်ဆံရေး တင်းမာလာခဲ့သည့် အီရန်နှင့် ယူအေအီးတို့သည် စာမျက်နှာသစ် ဖွင့်လှစ်လိုကြောင်း အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
"စစ်ပွဲနဲ့ ပါရှန်းပင်လယ်ကွေ့အတွင်း ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဘူဒါဘီ အိမ်ရှေ့မင်းသားနဲ့ အပြုသဘောဆောင်တဲ့ အမြင်ချင်းဖလှယ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ စာမျက်နှာသစ်ဖွင့်လှစ်ဖို့၊ အနာဂတ်ကို ရှေးရှုပြီး အတူတကွ တည်ဆောက်သွားဖို့ သဘောတူညီခဲ့ကြပါတယ်" ဟု ပီဇက်ရှ်ကီယန်က အိန္ဒိယတွင် ပြလုပ်သည့် BRICS ထိပ်သီးအစည်းအဝေးတွင် အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိခ် ခါလိဒ် ဘင် မိုဟာမက် ဘင် ဇာယဒ် အယ်လ် နာယန်နှင့် သီးသန့်တွေ့ဆုံခဲ့ပြီး နောက်တစ်ရက်တွင် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလအတွင်း အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်း စစ်ပွဲစတင်ခဲ့ပြီးနောက် အီရန်သည် ဒေသတွင်းရှိ အမေရိကန်၏ မဟာမိတ်များကို လက်စားချေ တိုက်ခိုက်ခဲ့ရာ ယူအေအီးနိုင်ငံသည် အီရန်၏ တိုက်ခိုက်မှုများကို ပြင်းထန်စွာ ခံခဲ့ရသည်။
ဩဂုတ်လတွင် ယူအေအီးက အီရန်နှင့် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံမှုများကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။
ယူအေအီး၏ အကြီးဆုံးမြို့ဖြစ်သော ဒူဘိုင်းသည် အီရန်အသိုင်းအဝိုင်း အများအပြား အခြေစိုက်နေထိုင်သည့် နေရာတစ်ခုဖြစ်ပြီး အမေရိကန်နှင့် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ အောက်တွင် ရုန်းကန်နေရသော အီရန်အတွက် အရေးပါသည့် စီးပွားရေး သွေးကြောတစ်ခုလည်း ဖြစ်သည်။
Ref: AFP