
မုဒုံမြို့နယ် တာပသွန်ကျေးရွာအနီး မော်လမြိုင် - မုဒုံကားလမ်းတွင် မော်တော်ယာဉ်များ ဓါးပြတိုက်ခံရခြင်း မရှိဘဲ လိမ်လည်ပြောဆိုကာ ရဲစခန်းတွင်သတင်းပေးတိုင်ကြားခဲ့သည့် Light Truck ယာဉ်မောင်းအား ပုဒ်မ - ၅၀၅ (က) ဖြင့်အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၁) ရက်နေ့ နံနက် (၁၁) နာရီအချိန်ခန့်က မုဒုံမြို့နယ် တာပသွန်ကျေးရွာအနီး မော်လမြိုင် - မုဒုံကားလမ်းတွင် မော်လမြိုင်မြို့ဘက်မှ မုဒုံမြို့ဘက်သို့ မောင်းနှင်လသည့် Light Truck ယာဉ်တစ်စီးနှင့် အိမ်စီးကားနှစ်စီးတို့အား လက်နက်ကိုင်တချို့မှ ဓါးပြတိုက်ခဲ့ကြောင်းနှင့် ငွေကျပ် သိန်း (၉၀) နှင့် လက်ကိုင်ဖုန်းများပါသွားကြောင်းကို မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ဂုံညှင်းတန်းရပ်ကွက်၊ ဝင်းကမော့ရပ်မှာ နေထိုင်သည့် ဦးစည်သူဆိုသူ Light Truck ယာဉ်မောင်းမှ ယင်းနေ့ညနေပိုင်းက မုဒုံမြို့မရဲစခန်းတွင် သတင်းပေးတိုင်ကြားခဲ့ကြောင်း နှင့် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာမှ မော်တော်ယာဉ်များ အား ဓါးပြတိုက်မှုဖြစ်ပွားခဲ့ခြင်းမရှိကြောင်းနှင့် Light Truck ယာဉ်မောင်းဖြစ်သူမှ လိမ်လည်ပြောဆိုခဲ့ခြင်း သာဖြစ်သည်ဟု ပေါ်ပေါက်ခဲ့သည့်အတွက် ၎င်းအား အမှုဖွင့်အရေးယူထားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “Light Truck ယာဉ်မောင်းဖြစ်သူ ဦးစည်သူကို မုဒုံမြို့မရဲစခန်းက ပုဒ်မ - ၅၀၅ (က) နဲ့အမှုဖွင့်အရေးယူထားပါတယ်” ဟု ပြောကြားသည်။
Light Truck ယာဉ်မောင်းဖြစ်သူ ဦးစည်သူ မှာ ကမာဝက်မြို့ကနေ မော်လမြိုင်မြို့သို့ ငါးရောင်းသည့် ဈေးသည်များအား နေ့စဉ် ပို့ဆောင်ပေးနေသော ဈေးကားမောင်းနှင်သူဖြစ်ကြောင်း၊ စက်တင်ဘာလ (၁၁) ရက်နေ့က ၎င်းအား ပါဆယ်ပို့ခိုင်းသည့် ပိုက်ဆံနှင့် လက်ကိုင်ဖုန်းပျောက်သွားသည့်အတွက် Light Truck ယာဉ်ပေါ်စီးနင်းလိုက်ပါလာကြသော ဈေးသည်များ ဖြစ်ကြသည့် ကမာဝက်မြို့နေ မသူဇာအောင်၊ မသူဇာနိုင်၊ မမိုးဖြူ၊ မစိုးစိုး၊ မမိုးနှင်း နှင့် ဒေါ်ပန်းလှိုင်တို့အား မော်လမြိုင်မြို့မှ ကမာဝက်မြို့ကို ပြန်ကြိုလာချိန်တွင် မုဒုံမြို့၊ ကန်ကလေးအနီးမှာရှိသည့် ကွတ်တီယိုဆိုင်တွင် ဦးစည်သူမှ ကွတ်တီယိုကျွေးမွေးပြီး ဈေးသည်များအား အကူအညီတောင်းစရာရှိသည်ဟု ပြောဆိုခဲ့သည်။
ထို့နောက် Light Truck ယာဉ်အား ကမာဝက်မြို့ဘက်သို့ ဆက်လက်မောင်းနှင်လာပြီး၊ တံခွန်တိုင်ကျေးရွာနှင့် နိုင်လုံကျေးရွာကြား မုဒုံ - ကမာဝက်ကားလမ်းပေါ်ရှိ ဂျိုကာတံတားအရောက်တွင် Light Truck ယာဉ်အား ရပ်တန့်၍ ဦးစည်သူမှ ယာဉ်ခေါင်းခန်းမှဆင်းလာကာ ၎င်းထံပါဆယ်ပို့ပေးရန် အပ်နှံထားသည့် ငွေကျပ် (၆၅) သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံး ပျောက်ဆုံးသွားကြောင်း၊ ထိုအကြောင်းအား ဇနီးသည်ဖြစ်သူသိရှိပါက အပြစ်တင်ပြောဆိုခံရမည်ကို စိုးရိမ်သဖြင့် ၎င်း၏ Light Truck ယာဉ်နှင့် အိမ်စီးကားနှစ်စီးအား ကားလမ်းတွင် အမည်မသိ လက်နက်ကိုင်ဆောင်ထားသူများမှ တား၍ လုယက်ခံရပြီး ယာဉ်ပေါ်ပါလာသည့် လက်ကိုင်ဖုန်း များနှင့် ဈေးရောင်းရသော ငါးဖိုးငွေများ လုယက်ခံခဲ့ရကြောင်းကို လိမ်လည်ကာ ရပ်ကွက်အတွင်း လိုက်လံပြာဆိုပေးရန် စည်းရုံးပြောဆိုခဲ့ကြောင်းနှင့် ယာဉ်ပေါ်လိုက်ပါလာကြသည့် ဈေးသည်များမှလည်း ဦးစည်သူ မောင်းနှင်လာသည့် Light Truck ယာဉ်မှာ မုဒုံမြို့နယ် သာယာကုန်းကျေးရွာနှင့် တာပသွန်ကျေးရွာ ကြားတွင် အမည်မသိလက်နက်ကိုင်တစ်စုမှ ကားအားတား၍ လုယက်ကြသဖြင့် ဖုန်းများနှင့် ငွေကျပ်သိန်း (၉၀) ခန့် လုယက်ခံလိုက်ရကြောင်းကို လိမ်လည်ကာ လိုက်လံပြောဆိုခဲ့ကြခြင်းသာ ဖြစ်သည်ဟု သိရသည်။
ထိုသို့ လိမ်လည်ပြောဆိုခိုင်သူ Light Truck ယာဉ်မောင်း ဦးစည်သူအား သက်ဆိုင်ရာက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။