Myanmar National Post

ကျိုက်ထိုမြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာ တည်ဆောက်ပြီးစီးမှုများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး




ကျိုက်ထို၊ စက်တင်ဘာ  ၁၆

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင်မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်လုပ်ငန်းများအားလျှပ်စစ်ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာ တည်ဆောက်ပြီးစီးမှုများအား  တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ ခရိုင်/မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်ဝာာဝန်ရှိသူများက ကျိုက်ထိုမြို့နယ် မြောက်ပိုင်းရပ်ကွက်၊ ယုဇနလမ်း၌ ၁၁ ကေဗွီ လိုင်း ပေ ၉၀၀ အား ၁၀ မီတာ ကွန်ကရစ်တိုင်များ၊ SAC 120 mm² ဖြင့် အသစ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တစ်လုံး အသစ်တည်ဆောက်ခြင်းလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို စစ်ဆေးခဲ့သည်။

ထို့နောက် ၁၁ ကေဗွီ မြို့တွင်းဖီဒါ လက်ပြကျေးရွာမှ စည်ပင်တိုးဂိတ်အနီးအထိ ၁၁ ကေဗွီလိုင်း ၄၀၀ ဗို့ (နှစ်ထပ်လိုင်း) အား ၉ မီတာ ကွန်ကရစ်တိုင်၊ ACSR 95 mm² နှင့် H.D.B.C No.10, 12 ဖြင့် တည်ဆောက်ထားသည့် ၀.၅ မိုင်ခန့် လျှပ်စစ်ဓာတ်အားလိုင်းကို ၁၀ မီတာ ကွန်ကရစ်တိုင်၊ SAC 120 mm² နှင့် Insulated Cable များဖြင့် အစားထိုးတည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား စနစ်တကျနှင့် တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် အထက်ပါ တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးအောင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ 


ပြည့်ဖြိုး

#News #Myanmar

မူရင်းသတင်း — Myanmar National Post