Myanmar National Post

မူးယစ်ဆေးဝါးတင်လာတဲ့ သင်္ဘောတစ်စင်းကို အမေရိကန်စစ်တပ်က ဖောက်ခွဲနှစ်မြုပ်ပစ်လိုက်


စက်တင်ဘာ - ၁၆ ( ဗုဒ္ဓဟူးနေ့ ) 

အရှေ့ပစိဖိတ်သမုဒ္ဒရာအတွင်း မူးယစ်ဆေးဝါး မှောင်ခိုကူးမှုမှာ ပါဝင်နေတဲ့ ရေယာဉ်တစ်စီးကို အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေက ကြားဖြတ်ဟန့်တားပြီး ဖောက်ခွဲဖျက်ဆီးလိုက်တဲ့ ဗီဒီယိုဖိုင်ကို အမေရိကန်စစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။

အင်္ဂါနေ့က အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ် (SOUTHCOM) က ထုတ်ပြန်ခဲ့တဲ့ အဲဒီဗီဒီယိုထဲမှာ "မူးယစ်အကြမ်းဖက်" အဖွဲ့ဖြစ်တဲ့ လော့စ်ချိုနီရိုဂိုဏ်းအတွက် အကူအညီပေးနေပြီး ရေပေါ်စက်သုံးဆီဖြည့်စခန်း အဖြစ် အသုံးပြုနေတဲ့ ရေယာဉ်တစ်စီးကို တွေ့လိုက်ရလို့  ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာ အမြန်ရေယာဉ်နဲ့ အဆိုပါ ရေယာဉ်နားကို ကပ်သွားပြီးနောက် လှေပေါ်တက်ရောက်ကာ လှေအဖွဲ့သားတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ ရေယာဉ်ပေါ်ကနေ ပြန်လည်ထွက်ခွာကာ အဲဒီရေယာဉ်ကို နှစ်မြှုပ်ပစ်ခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ လှေအဖွဲ့သားတွေကိုတော့ အီကွေဒေါ အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ SOUTHCOM က ပြောပါတယ်။

"ကျနော်တို့အနေနဲ့ ဒီမူးယစ်အကြမ်းဖက်သမားတွေကို မဆုတ်မနစ် ဖိအားပေးနေတာဖြစ်ပြီး သူတို့ အနာဆုံးနေရာကို ထိထိရောက်ရောက် ထိုးနှက်နေတာဖြစ်ပါတယ်" လို့ SOUTHCOM တပ်မှူး ဗိုလ်ချုပ် ဖရန့်စစ်ဒိုနိုဗန် က ပြောကြားခဲ့ပါတယ်။

၂၀၂၅ ခုနှစ်မှာ သမ္မတရာထူးကို ပြန်လည်ရရှိခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မူးယစ်ဂိုဏ်းတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ သူက ကိုလံဘီယာနဲ့ ဗင်နီဇွဲလား အစိုးရတို့ဟာ အမေရိကန်ဈေးကွက်ထဲ မူးယစ်ဆေးဝါးတွေ "လျှံထွက်သွားအောင်" ကူညီပေးနေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

မူးယစ်ဆေးဝါး ကူးသန်းနေတယ်လို့ ယူဆရတဲ့ လှေတွေကို အမေရိကန်က တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၂၃၀ နီးပါး သေဆုံးခဲ့ပြီးပါပြီ။ ဒီလို စစ်ဆင်ရေးတွေဟာ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေဖြစ်ပြီး စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ အမေရိကန်ပြည်တွင်းနဲ့ နိုင်ငံတကာက ဝေဖန်သူတွေက ထောက်ပြထားကြပါတယ်။ ကိုလံဘီယာနဲ့ ဗင်နီဇွဲလား တာဝန်ရှိသူတွေကတော့ သေဆုံးသွားသူတွေထဲမှာ အပြစ်မဲ့ ရိုးရိုးတံငါသည်တွေလည်း ပါဝင်တယ်လို့ ပြောဆိုထားပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post