
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်-ပဲခူး ရထားလမ်းပိုင်း၊ ပြွန်တန်ဆာဘူတာနှင့် ဒိုက်ဦးဘူတာအကြားတွင် စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီခန့်က အမှတ် (၈) အစုန် DEMU အမြန်ရထားနှင့် ထွန်စက်တို့ တိုက်မိမှုဖြစ်ပွားခဲ့ရာ ထွန်စက်ပေါ်လိုက်ပါသူ နှစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
နေပြည်တော်မှ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ထွက်ခွာလာသည့် အမှတ် (၈) အစုန် DEMU အမြန်ရထားသည် ညောင်လေးပင်-ပဲခူး ရထားလမ်းပိုင်း၊ ပြွန်တန်ဆာဘူတာနှင့် ဒိုက်ဦးဘူတာအကြားရှိ ပြွန်တန်ဆာမြို့မှကမာဖရုံကျေးရွာ တရားမဝင် ရထားလမ်းဖြတ်ကူးနေရာတစ်ခုတွင် ဖြတ်သန်းလာသည့် ထွန်စက်နှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်မိမှုကြောင့် ထွန်စက်မှာ နှစ်ပိုင်းပြတ်ကာ ပျက်စီးသွားခဲ့ပြီး ထွန်စက်ပေါ်တွင် လိုက်ပါလာသူ အမျိုးသား ၂ ဦးမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ ရွှေရဲနွယ် လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ပြီး ထွန်စက်အတွင်း ပိမိနေသူအား ကယ်ထုတ်ကာ သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများကို ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရထားနှင့် ထွန်စက်တိုက်မိမှုကြောင့် DEMU ရထား၏ ရှေ့ပိုင်းတွင်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ရန်ကုန်မှ နံနက် ၇ နာရိီတွင်ထွက်ခွာသည့် အမှတ် ၅ အဆန် DEMU အမြန်ရထားသည်လည်း ရုတ်တရတ်ဖြတ်ကူးသည့် ဘေးတွဲဆိုင်ကယ်ဖြင့် တိုက်မိပြီး ဘေးတွဲပေါ်လိုက်ပါသည့် ဘုန်းကြီးတစ်ပါးနှင့် ကိုရင်တစ်ပါးတို့ ပျံလွန်တော်မူခဲ့ရာ နှစ်ရက်ဆက်တိုက် ရထားလမ်းဖြတ်ကူးများတွင် မတော်တဆမှုများဖြစ်ပွား၍ လူ ၄ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး(ရထားလမ်း ဖြတ်ကူးသူတွေ စည်းကမ်းရှိကြဖို့ လိုပါပြီမနေ့က အမှတ် (၅)အဆန်ရထားနဲ့ ဆိုက်တွဲ တိုက်တယ်။ ဦးဇင်းတစ်ပါးနဲ့ ကိုရင်လေးတစ်ပါး ပျံလွန်တယ်။ဒီနေ့ အမှတ် (၈)အစုန်ရထားနဲ့ ထွန်စက် တိုက်တယ်။ ထွန်စက်ပေါ်ပါလာသူနှစ်ဦးလုံး ပွဲချင်းပြီးတယ်။ကျွန်တော်လည်း တတ်နိုင်သလောက် သတိပေး၊ ပညာပေးတွေ လုပ်နေတယ်။ ပိုပိုပြီး ဆိုးလာနေတယ်ဗျာ။) ဟု မြန်မာ့မီးရထား တာဝန်ရှိသူတစ်ဦးက လူမှုကွန်ယက်တစ်ခုတွင် ရေးသားထားသည်။
နှစ်ရက်ဆက်တိုက် ရထားနှင့် ရထားလမ်းဖြတ်သန်းယာဉ်များ တိုက်မိမှုဖြစ်ပွားခဲ့ခြင်းကြောင့် ရထားလမ်းဖြတ်ကူးရာတွင် သတ်မှတ်စည်းကမ်းများကို လိုက်နာကြရန် ပိုမိုလိုအပ်နေကြောင်း သိရသည်။