Eleven Media Group

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ အဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေး ရွေးချယ်ခံရ

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအဖြစ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေး ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

စက်တင်ဘာ ၁၄ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီပြည်နယ်ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် ပြည်နယ်ကော်မတီဝင် ပြန်လည်ရွေးချယ်ခဲ့ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သူ ဦးသက်ထွေး မှာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ခြင်းဖြစ်သည်။

ထို့အတူ ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင် မှာလည်း မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့ရကြောင်းလည်း သိရသည်။

အစည်းအဝေးသို့ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ပါတီဝန်းရုံသူများတက်ရောက်ခဲ့ကြပြီး၊ ပြည်နယ်ကော်မတီဝင်အဖြစ် အဆိုပြုသူ (၄၀) ဦးထဲမှ ပြည်နယ်အလုပ်အမှုဆောင် (၁၅) ဦးနှင့် အရန်အလုပ်အမှုဆောင် (၁၅) ဦးအားရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ပြည်နယ်ကော်မတီဝင် (၁၅) ဦးအနက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်း၊ မော်လမြိုင်/ကျိုက်မရော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်း (ခ) ထိန်လင်း၊ ဒေါ်ဇင်သွယ်ဝင်း နှင့် ဒေါ်နွယ်နီဝင်း တို့မှာ ပြည်နယ်ကော်မတီဝင်အသစ်အဖြစ်ပါဝင်လာကြကြောင်း ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ပြည်နယ်အလုပ်အမှုဆောင်တွေကို အစည်းအဝေးတက်ရောက်လာကြသူတွေက လွတ်လပ်စွာ မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်” ဟုပြောကြားသည်။

ယခင် ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ နှင့် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခဲ့သည့် ဦးအောင်ကြည်သိန်းမှာ ပြည်နယ်အလုပ်အမှုဆောင်အဖြစ်ပြန်လည်ပါဝင်လာခြင်းမရှိတော့ဘဲ၊ ပါတီဝင်အဖြစ်သာ ဆက်ရှိသွားမည်ဟု သိရကြောင်းလည်း ၎င်းကဆိုသည်။

မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရသည့် ဦးသက်ထွေးမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖြစ်လည်း တာဝန်ပေးခြင်းခံရမည်ဖြစ်ကြောင်းလည်း သိရသည်။

မူရင်းသတင်း — Eleven Media Group