
မြန်မာ့လက်ရွေးစင် ငွေခေတ်ကစားသမားဟောင်း ဝင်းအောင်(ဦး)၏ နာရေး အား စက်တင်ဘာ ၁၅ ရက်၊ ညနေပိုင်းက ရေဝေးသုဿာန်တွင် ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဘောလုံးလောကသားများနှင့် မြန်မာ့လက်ရွေးစင် ငွေခေတ်ကစားသမားဟောင်း ဝင်းအောင်(ဦး)၏ ပရိသတ်များ လာရောက်ပို့ဆောင်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ဘောလုံးသမား ငွေခေတ်ကစားသမားဟောင်း ဝင်းအောင် (ဦး) ဟာ (စက်တင်ဘာ ၁၃) ရက်၊ ညနေ (၄:၃၀) နာရီတွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အာယုဆေးရုံတွင် ကွယ်လွန်သွားကြောင်းသိရသည်။
ဝင်းအောင် (ဦး) ဟာ ကွယ်လွန်ချိန်တွင် အသက် (၆၀) နှစ် ရှိပြီဖြစ် ပြီး အဆုတ်ထဲရေဝင်သည့် ရောဂါဝေဒနာဖြင့် စက်တင်ဘာလဆန်းကတည်းက အာယုဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရသူဖြစ်ကြောင်း သိရသည်။
ဝင်းအောင် (ဦး) သည် ၁၉၈၉ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်ကစားသမားအဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီးနောက် မြန်မာ့လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲပေါင်းများစွာ ကစားပေးခဲ့ ပြီး ၁၉၉၃ ခုနှစ်၊ (၁၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရပြီး မြန်မာအသင်းနှင့်အတူ ငွေတံဆိပ်ဆု ရယူပေးခဲ့သူဖြစ်သည်။
၄င်းဟာ မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ ဂျပန်နိုင်ငံ၊ ဟီရိုရှိးမားမြို့တွင် ကျင်းပခဲ့သည့် ၁၉၉၄ အာရှအားကစားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းတွင်လည်း ပါဝင်ကစားခဲ့ပြီး ကာတာအသင်းနဲ့ (၂-၂) ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ခေါင်းတိုက်ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။ ဝင်းအောင် (ဦး) ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ တိုက်ဂါးဖလားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲနဲ့ နိုင်ငံတကာပြိုင်ပွဲပေါင်းများစွာကို ယှဉ်ပြိုင်ကစားပေးခဲ့သူဖြစ်သည်။
ပြည်တွင်းကလပ်အသင်းများဖြစ်သည့် ဆောက်လုပ်ရေး၊ ဘဏ္ဏာအခွန်အသင်းများတွင် ကစားခဲ့ဖူပြီး ပြည်ပကလပ်အသင်းများဖြစ်သည့် စင်ကာပူ၊ ထိုင်းကလပ်အသင်းများတွင်လည်း သွားရောက်ကစားခဲ့ဖူးသူဖြစ်ကြောင်း၊တိုက်စစ်မှူးနေရာတွင် စွဲမြဲစွာကစားခဲ့သူဖြစ် ပြီး ခေါင်းတိုက်ဂိုးသွင်းစွမ်းရည်ထူးချွန်မှုကြောင့် မြန်မာဘောလုံးပရိသတ်များရဲ့ အချစ်တော်တစ်ဦးဖြစ်သည်။