
ကချင်ပြည်နယ်တွင်း ART ဆေးသောက်နေရသူ ၂၈၀၀၀ ခန့် ဆေးဝါးပေးပို့မှု လမ်းခရီးအခက်အခဲကြောင့် ဆေးပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း ပြည်နယ်ခုခံအားကျကာလသား တိုက်ဖျက်ရေးဌာန (NAP) တွင် တာဝန်ထမ်းဆောင်နေသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ART ဆေးသိုလှောင်ရုံ ဗဟိုဌာနက ကချင်ပြည်နယ်သို့ ဆေးဝါးပေးပို့ ခက်ခဲ့သည့် အခြေအနေကြောင့် ဖြစ်ကြောင်း ယင်းဝန်ထမ်းက ပြောကြားသည်။
''ကားလမ်းက အဆင်မပြေတော့ လေယာဉ်လမ်းပဲ အားကိုးရတယ်။ လေယာဉ်လမ်း တစ်ခုတည်းကို ပိတ်ဆိုပြီး သွားနေကြရတော့ လေယာဉ်တွေလည်း အဆင်မပြေတော့ဘူး။ အရင်က တစ်ဦးကို သုံးလစာ ပေးနိုင်တယ်။ အခုက ၃ ရက်စာ၊၇ ရက်စာ၊ ၁၀ ရက် စာ အနီးအဝေချိန်ပြီး ပေးနေရတယ်။ ဆေးခန်းနဲ့ နေတာ ဝေးသူတွေ အဆင်မပြေတော့ဘူး။ သွားလာရေးခက်တဲ့ မြို့နယ်အချို့က ART Clinic တွေ ပိတ်တယ်။ လာမသောက်နိုင်တဲ့သူတွေ ပေါ်လာတာပေါ့လေ''ဟု ဆိုသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းက ART ဆေးသောက်နေသူတစ်ဦးက ''မိုးညှင်းဘက်မှာ ဆေးထုတ်တာ အဆင်မပြေလို့ မန္တလေးဘက်ကို သွားနေရတယ်။ အဆင်တော့ မပြေဘူး ဝေးတာကိုး'' ဟု ဆိုသည်။
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်တွင် ART ဆေးသောက်နေရသူ တစ်သောင်းခန့်ရှိနေပြီး ART ဆေးကို ပြင်ပမှ ခက်ခဲစွာ မှာယူနိုင်သော်လည်း တစ်လစာ တစ်ဘူးလျှင် ကျပ်ငွေ တစ်သိန်းခွဲ ပေါက်ဈေးရှိကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ၂၀၂၂ ခုနှစ်က ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံနေရသူ အရေအတွက် နှစ်သိန်း ရှစ်သောင်းခန့် ရှိနိုင်ကြောင်း ဖော်ပြထားသည်။