
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက် နိုင်မည်ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် ကိုယ်စီအသိရှိစွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။
စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် မိမိတို့နိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲမှ တစ်ဆင့်ပေါ်ပေါက်လာသည့် လွှတ်တော်နှင့်အစိုးရတို့ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုရရှိရေး ဟူသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက် နိုင်မည်ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့ အတွက် နိုင်ငံတော်တွင် အတူတကွမှီတင်း နေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးက ကိုယ်စီအသိရှိစွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။
ပြည်တွင်း တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက်လည်း နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ အမြဲတမ်းတံခါးဖွင့်ဖိတ်ခေါ်ကြိုဆိုလျက်ရှိသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်မှု ရရှိရေးအတွက်လည်း ဖြစ်နိုင်သည်များကို တောင်းဆိုခြင်း၊ မဖြစ်နိုင်သည်များကို ညှိနှိုင်းခြင်းတို့ဖြင့် နိုင်ငံ့အကျိုးကိုကြည့်၍ ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံ တိုက်တွန်းလိုကြောင်း၊ ပြည်ပခရီးစဉ်များသွားရောက်မှုများမှ ရရှိခဲ့သည့် စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုး မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည်တို့အပါအဝင် နယ်ပယ်ပေါင်းစုံမှတွေ့မြင် လေ့လာသိရှိခဲ့ရသည့် အတွေ့အကြုံကောင်းများကို သင်ခန်းစာယူ၍ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည် များကို အတုယူဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။
ခရီးစဉ်များသွားရောက်ခဲ့စဉ် ဖွံ့ဖြိုးတိုးတက်မှုရရှိခြင်း၏ အဓိကအကြောင်းရင်းသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိခြင်းပင်ဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှလုံး လုံခြုံအေးချမ်းစွာဖြင့် လုပ်ကိုင်စားသောက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးကတည်းကပင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ လိုအပ်သည့် စွမ်းရည်၊ စွမ်းအားရှိသော လူ့စွမ်းအား အရင်းအမြစ်များ၊ နိုင်ငံစီးပွားရေးနှင့် ပညာရေး၊ ကျန်းမာရေး အပါအဝင် လမ်း၊ တံတားနှင့် အခြေခံအဆောက်အဦများကို အကြမ်းဖက်သမားများက ခေတ်အဆက်ဆက် နည်းလမ်းပေါင်းစုံဖြင့် ယနေ့ထက်တိုင် နှောင့်ယှက်ဖျက်ဆီးခဲ့ကြပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများမှာ ခေတ်အဆက်ဆက် နိုင်ငံတည်ဆောက်ရေးတွင် "သမင် မွေးရင်း ကျားစားရင်း" ဆိုသကဲ့သို့ဖြစ်နေပြီး နိုင်ငံအတွက်ကြီးမားသည့် သမိုင်းသင်ခန်း စာ တစ်ခုကဲ့သို့ဖြစ်နေရကြောင်း၊ ၎င်းတို့ဖျက်ဆီးခဲ့ကြသည့် အခြေခံအဆောက်အဦများနှင့် ဆုံးရှုံးခဲ့ရသည့် လူသားအရင်းမြစ်များကို ပြန်လည်တည်ဆောက်မွေးထုတ်နေရခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ခြင်းမရှိသည်မှာ နိုင်ငံတော်နှင့် နိုင်ငံသား တို့အတွက် ကြီးစွာသောထိခိုက်နစ်နာ ဆုံးရှုံးနေရမှုပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ က Video Conferencing ဖြင့် တက်ရောက်ကြကြောင်း သိရသည်။