
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက် ဖွန်ကက်ခဲအော်က ၎င်းသည် အာဆီယံထိပ်သီးမတိုင်မီ နိုဝင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံသို့လာမည်ဟု နိုဝင်ဘာ ၃ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေးများ ဖော်ဆောင်ရေးအတွက် ထိုင်းက တွန်းအားပေးမည့် အာဆီယံထိပ်သီးမတိုင်မီ ရက်ပိုင်းအလိုတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံသို့လာမည်ဟု ထုတ်ပြန်ခြင်းဖြစ်သည်။
နှစ်နိုင်ငံထိစပ်နေသော နယ်စပ်တစ်လျောက် မြန်မာတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲများဖြစ်ပွားနေပြီး တင်းမာမှုများ မြင့်တက်နေချိန်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက် ဖွန်ကက်ခဲအော်၏ခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ နယ်စပ်တိုက်ပွဲများကြောင့် နေအိမ်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် ထိုင်းနိုင်ငံရှိ ထိုင်းနိုင်ငံသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
၎င်း၏ခရီးသည် မနီလာတွင် နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးမတိုင်မီ ရက်ပိုင်းအတွင်း လာမည့်ခရီးဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာ လွှဲပြောင်းယူကတည်းက အာဆီယံက မြန်မာခေါင်းဆောင်များကို အဆင့်မြင့် အာဆီယံအစည်းအဝေးများသို့ ဖိတ်ကြားခြင်းမရှိပေ။
သီဟာဆက်က ၎င်း၏အစိုးရသည် အာဆီယံထိပ်သီးမတိုင်မီ မြန်မာနိုင်ငံ၏ နောက်ဆုံးသဘောထားရပ်တည်ချက်ကို ကြားချင်သည်ဟု ပေကျင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
"သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက တင်းမာမှုလျှော့ချတာဟာ အရေးကြီးတဲ့ ဆွေးနွေးပွဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အတွက် အပြုသဘောပတ်ဝန်းကျင်ကို ဖန်တီးရာမှာ အထောက်အကူပေးပါလိမ့်မယ်"ဟု သူက ပြောကြားခဲ့သည်။
"အဲဒီ မျက်နှာစာတွေမှာ တိုးတက်လာမယ်ဆိုရင် အဲဒါဟာ ခေါင်းဆောင်တွေရဲ့ ထိပ်သီးမှာ အာဆီယံက ထည့်သွင်းစဉ်းစားဖို့အတွက် အပေါင်းလက္ခဏာဆောင်တဲ့ အချက်တစ်ခုဖြစ်လာပါလိမ့်မယ်။ အဲဒါမှသာ ကျွန်တော်ကလည်း အာဆီယံအစည်းအဝေးတွေမှာ မြန်မာပါဝင်မှု အပါအဝင် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘယ်လို ရှေ့ဆက်သွားမလဲဆိုတာကို ဆုံးဖြတ်မှာပါ"ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ဧပြီလတုန်းက မြန်မာနိုင်ငံသို့ သွားခဲ့သော သီဟာဆက်က ၎င်းသည် နိုဝင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့လိမ့်မည်ဟု ပြောကြားခဲ့ပြီး သမ္မတဦးမင်းအေင်လှိုင်နှင့် တွေ့ဆုံရေးကိုလည်း စီစဉ်နေသည်ဟု ဆိုသည်။
Ref: AFP