Eleven Media Group

■ NSPNC နှင့် NDAA တို့ မိုင်းလားမြို့တွင် တွေ့ဆုံ၍ အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ဒေသနှင့် သင့်လျော်သည့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာအဆင့်အတန်း သတ်မှတ်ပေးရေးဆိုင်ရာကိစ္စရပ်များ၊ မိုင်းလားဒေသတွင် ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) တို့ နိုဝင်ဘာ ၁ ရက်က မိုင်းလားမြို့တွင် တွေ့ဆုံ၍ အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ဒေသနှင့် သင့်လျော်သည့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာအဆင့်အတန်း သတ်မှတ်ပေးရေးဆိုင်ရာကိစ္စရပ်များ၊ မိုင်းလားဒေသတွင် ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် ရှမ်းပြည်နယ် မိုင်းလားမြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

မိုင်းလားမြို့သို့ ရောက်ရှိလာသည့် NSPNC ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့သည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မှ ဥက္ကဋ္ဌ ဦးထိန်လင်း၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ အမြဲတမ်းကော်မတီဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယခုတွေ့ဆုံမှုသည် ယခုနှစ်အတွင်း တတိယအကြိမ် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ အထူးဒေသ (၄) သည် နိုင်ငံတော်၏အစိတ် အပိုင်းတစ်ခုဖြစ်ကာ ဒေသခံပြည်သူများသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း၊ အထူးဒေသ (၄) ၏ နိုင်ငံရေးလိုလားချက်အပေါ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပ‌ဒေနှင့်အညီ ဆက်လက်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
၂၀၂၇ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လိုအပ်သောဆောင်ရွက်ဖွယ်ရာကိစ္စများအား ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခင်ဥက္ကဋ္ဌကြီး ဦးစိုင်းလင်း၏ "ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး" လမ်းစဉ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပြီး နိုင်ငံတော်အစိုးရဘက်မှလည်း ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ယုံကြည်မှု ပိုမိုတိုးမြှင့်ခိုင်မာစေရန်အတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးလိုအပ်မှုအား ဖြည့်ဆည်းပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပြီး ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

ထို့နောက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မှ ဥက္ကဋ္ဌ ဦးထိန်လင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၊ ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူလူထုအားလုံးကိုယ်စား မိမိတို့အား အလေးထားပြီး မိုင်းလားသို့ ဒုတိယအကြိမ် လာရောက်တွေ့ဆုံဆွေးနွေးမှုအတွက် ကြိုဆိုပါကြောင်း၊ ယခုကဲ့သို့ လာရောက်ခြင်းဖြင့် အပြန်အလှန်ထိတွေ့ဆက်ဆံခြင်းမှတစ်ဆင့် ယုံကြည်နားလည်မှု တိုးပွားလာနိုင်မည်ကို ယုံကြည်ပါကြောင်း၊ ယခင်ဆွေးနွေးပွဲပြီးနောက် စက်တင်ဘာလလယ်တွင် ရှမ်းပြည်နယ် ကျန်းမာရေးအဖွဲ့နှင့် တပ်မတော်ဆေးတပ်ဖွဲ့တို့ ပူးပေါင်း၍ အခမဲ့ဆေးကုသမှုများ လာရောက်ဆောင်ရွက်ခဲ့ပြီး မိုင်းလားနှင့် ဆီလူးဒေသရှိ အခြေခံပညာစာသင်ကျောင်း နှစ်ကျောင်းတွင်လည်း ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အထူးဒေသ (၄) ၏ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကိစ္စများအား အထူးအလေးထား ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခင်အစည်းအဝေးတွင် မိမိတို့ဒေသ အခြေအနေများကို တင်ပြခဲ့ပါကြောင်း၊ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးခြင်းမှတစ်ဆင့် နိုင်ငံရေးအဆင့်အတန်းကို ဖော်ထုတ်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက အစိုးရ၏အုပ်ချုပ်မှုအောက်တွင် ဒေသနှင့် သင့်လျော်သည့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာအဆင့်အတန်း သတ်မှတ်ပေးရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ အထူးဒေသ (၄) မိုင်းလားတွင် ရွေး‌ကောက်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထို့နောက် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့သည် ကျိုင်းခမ်းမြို့ အနောက်ဘက် နမ့်လွေချောင်းပေါ်တွင် တည်ဆောက်ထားပြီး ၆၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် မိုင်းဝရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group