
ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးပေါ်တွင် လူတစ်ဦးကို တိုက်မိပြီး ဆက်လက်မောင်းနှင်သည့် အဝေးပြေးယာဥ်လိုင်းတစ်ခုမှ ယာဥ်မောင်းကို ဖမ်းမိခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဥ်မှာ စက်တင်ဘာ ၁၅ ရက် ၀၀:၃၀ နာရီခန့် ၊ ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၁၇၇/၇-၁၇၈/၀ကြား (နေပြည်တော်မှရန်ကုန်ဘက်သို့) (အပြန်လမ်း)တွင် ယာဉ်မောင်း ၊အမည်၊နေရပ်လိပ်စာ ယာဉ်အမျိုးအစား (စုံစမ်းဆဲ)ယာဉ်ဖြင့် တိုက်မိကာ အမည်၊ နေရပ်လိပ်စာ(စုံစမ်းဆဲ) အသက် (၄၅)နှစ်ခန့် အမျိုးသား တစ်ဦးမှာ အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာစဉ် (စုံစမ်းဆဲ)ယာဉ်ဖြင့် တိုက်မိပြီး လမ်းအလယ်တွင် လဲကျ သေဆုံးလျက်ရှိရာ ၎င်းအားတိုက်မိသည့်ယာဉ်မှာ နီးစပ်ရာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်း/ရဲကင်းသို့ သတင်းပို့ခြင်းမရှိဘဲ ရန်ကုန်ဘက်သို့ ဆက်လက်မောင်းနှင် သွားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်ဟု သိရသည်။
ထိုသို့ လူတစ်ဦးကို တိုက်မိပြီးနောက် ဆက်လက်မောင်းနှင်နေသည့်ယာဥ်ကို ဖြူးတိုးဂိတ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ဖြူးတိုးဂိတ်တွင် YUTONG အမျိုးအစား ဝါ/လိမ္မော်/အနီရောင် “စွမ်းထက်သာ” ခရီးသည်တင်(Express) ယာဉ်သည် ဖြူးတိုးဂိတ်အရောက်၌ သက်ဆိုင်ရာ အဖွဲ့များမှ ကားလေကာမှန်ကွဲ၊ ညာဘက်မီးလုံးကွဲနေသဖြင့် မသင်္ကာဖွယ်ရာတွေ့ရှိသောကြောင့် စစ်ဆေးရာ ယာဉ်မောင်းမှာ မိုင်တိုင် ၁၇၇/၇-၁၇၈/၀ကြား (နေပြည်တော်မှရန်ကုန်ဘက်သို့) (အပြန်လမ်း)တွင် လမ်းလျှောက်နေသော လူတစ်ဦးအား တိုက်မိခဲ့ ကြောင်း ယာဥ်မောင်း အောင်ချိုဆိုသူက ဝန်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။
အမြန်လမ်းမကြီးများ ဥပဒေ အခန်း (၇) ၊ ပုဒ်မ (၁၃) အရ "တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်ခွင့်မပြုသည့် မော်တော်ယာဉ်၊ လှည်းနှင့် ဖြတ်သန်းသွားလာခွင့် မပြုသည့် အခြားယာဉ်များ မောင်းနှင်ခြင်း သို့မဟုတ် ရပ်နားခြင်း၊ လူ၊ တိရစ္ဆာန်များ ဖြတ်သန်းသွားလာခြင်းကြောင့် လူနှင့် ပစ္စည်းထိခိုက်မှု သို့မဟုတ် သေဆုံးမှုဖြစ်ပေါ်ပါက ဥပဒေနှင့်အညီ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာ၍ မောင်းနှင်သည့် မော်တော်ယာဉ်၏ ယာဉ်မောင်းတွင် တာဝန်မရှိစေရ။" ဟုဖော်ပြထားသော်လည်း အမြန်လမ်းပေါ်တွင်ယာဥ်တိုက်မှုဖြစ်စဥ် ဖြစ်ပွားပါက အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ စစ်ဆေးမှုကိုခံယူအတည်ပြုရန် လိုအပ်သည်ဟု သိရသည်။
လူ/စက်ဘီး/ထော်လာဂျီ/လှည်းစသည်တို့ကိုတိုက်မိပါက ၎င်းအတိုက်ခံရသူများသည် အမြန်လမ်းမကြီးများဥပဒေကိုဖောက်ဖျက်သူ မှန်/မမှန် နှင့် ယာဥ်မောင်းသည် ဥပဒေနှင့်အညီ ယာဥ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာ၍မောင်းနှင်သူ ဟုတ်/မဟုတ်တို့ကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့က စစ်ဆေးအတည်ပြုမည်ဖြစ်ကြောင်း၊ စည်းကမ်းလိုက်နာပါလျက် မတော်တဆယာဥ်တိုက်မှုကျူးလွန်မိသူယာဥ်မောင်းမှာ အမြန်လမ်းမကြီးများဥပဒေ၏ အကာအကွယ်ကိုခံစားရမည်ဖြစ်ကြောင်း၊ ယာဥ်တိုက်မှုကိုတိမ်းရှောင်ထွက်ပြေးပါက အမြန်လမ်းမကြီးများဥပဒေ၏အကာအကွယ်ကို မရရှိတော့ဘဲ အခြားလမ်းများတွင်ဖြစ်ပွားသောယာဥ်တိုက်မှုကဲ့သို့ ပြစ်မှုပြစ်ဒဏ်များ ကျခံရမည်ဖြစ်ကြောင်းအထူးသတိပေးအပ်သည်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
ထိုသို့ယာဥ်တိုက်မှုဖြစ်ပွားစဥ်ယာဥ်ကိုရပ်တန့်၍ အမြန်လမ်းမကြီးရဲတပ်ဖွဲ့သို့ သတင်းပို့အစစ်ဆေးခံရန်ပျက်ကွက်ခဲ့သော ယာဥ်မောင်း အောင်ချိုအား ဥပဒေပုဒ်မ ၃၀၄(က)/၂၀၂ ဖြင့် တရားစွဲဆိုခဲ့ကြောင်း၊အမြန်လမ်းပေါ်တွင် ယာဥ်တိုက်မှုဖြစ်ပွားပါက နီးစပ်ရာအမြန်လမ်းမကြီးရဲတပ်ဖွဲ့ရဲကင်း/ရဲစခန်းများသို့မဖြစ်မနေ အမြန်သတင်းပို့ရန် သတိပေးတိုက်တွန်းအပ်ကြောင်း သိရသည်။