Eleven Media Group

■ မန္တလေးမြို့၊ သင်္ဂဇာချောင်း ကန်ပတ်လမ်းဘေးတွင် အမျိုးသမီးတစ်ဦး သေဆုံးနေသည်ကိုတွေ့ရှိ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ သင်္ဂဇာချောင်း ကန်ပတ်လမ်းဘေးတွင် အမျိုးသမီးတစ်ဦး သေဆုံးလျက်ရှိသည်ကို စက်တင်ဘာ ၁၆ရက် (ယနေ့) နံနက် ၇ နာရီခန့်က တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်၊ သင်္ဂဇာချောင်း ကန်ပတ်လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား နေရာတွင် သေဆုံးနေသည့် အမည်မသိ အမျိုးသမီးတစ်ဦးအား တွေ့ရှိရကြောင်း ဆိုင်ကယ်တက္ကစီမောင်းနှင်သူ အမျိုးသားမှ အကြောင်းကြားလာသဖြင့် အခင်းဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

" သေဆုံးသူအမျိုးသမီးက အသက် ၄၀ နဲ့ ၄၅နှစ်ကြားဖြစ်မယ်လို့ ခန့်မှန်းရတယ်။ ပြင်ပဒဏ်ရာတော့ ဘာမှမရှိဘူး။ အခုထိမိသားစုနဲ့အဆက်သွယ်မရသေးလို့ သေဆုံးသူဘယ်သူဆိုတာ မသိရသေးဘူး" ဟု အလောင်းအား ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့သည့် အေးချမ်းငြိမ်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တာဝန်ရှိသူများမှ အခင်းဖြစ်ရပ်ကို စစ်ဆေးခဲ့ကြပြီး သေဆုံးသူကို လူမှုကူညီရေးအသင်းကားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး အမှတ်(၆) နယ်မြေရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရသည်။

#မန္တလေးပြည်သူ့ဆေးရုံကြီး #အမျိုးသမီးတစ်ဦး #elevennews


မူရင်းသတင်း — Eleven Media Group