Eleven Media Group

ရေဘေးသင့် လေးမျက်နှာမြို့နယ်ရှိ အိုင်သပြုအ.ထ.က ၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား နေ့ညစနစ်ဖြင့် ကျောင်းပြန််လည်စတင်ဖွင့်လှစ်

ရေဘေးသင့် လေးမျက်နှာမြို့နယ်ရှိ အိုင်သပြုအ.ထ.က ၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများအား နေ့ညစနစ်ဖြင့် ကျောင်းပြန််လည်စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။

တစ်လကျော်ကြာ ယာယီကျောင်းပိတ်ခဲ့ရပြီးနောက် စက်တင်ဘာ ၁၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“၁၅ ရက်နေ့ကစပြီး grade-12 ကျောင်းသားကျောင်းသူများအတွက် နေ့ရောညရော ကျောင်းပြန်ဖွင့်ပေးနေပါပြီ။ ကျောင်းသား/သူဦးရေကတော့ ဒီနေ့(စက်တင်ဘာ ၁၆)ဆိုရင် (၁၄၁)ဦးရှိပါပြီ။ သင်ကြားတဲ့ဘာသာပြ(၁၇)ဦးနဲ့ တာဝန်ပေးထားတဲ့ နောက်ထပ်(၁၀)ဦး စုစုပေါင်း(၂၇)ဦး အလှည့်ကျတာဝန်ယူဆောင်ရွက်ပေးနေပါတယ်။ ကျောင်းအကျိုးတော်ဆောင်တွေ၊ ဒီမှာရှိတဲ့အဖွဲ့အစည်းတွေနဲ့အတူပူးပေါင်းပြီး ချက်ရေးပြုတ်ရေးကအစ အကုန်လုံးစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နေထိုင်ရေးရော စားသောက်ရေးပါ ဆောင်ရွက်ပေးထားတာပါ။ ပညာရေးအထက် ဌာနတာဝန်ရှိသူတွေကလည်း ကူညီထောက်ပံ့ပေးပါတယ်။ ကလေးတွေ ရေဘေးအန္တရာယ်ဖြစ်မှာစိုးတဲ့အတွက် ပြန်မလွှတ်တော့ဘဲ Day ရော Night ရော ကျောင်းအကျိုးတော်ဆောင်တွေနဲ့ အားလုံးစုပေါင်းပြီး တာဝန်ယူဆောင်ရွက်ပြီး ဖွင့်လှစ်ပေး​နေခြင်းဖြစ်ပါတယ်”ဟု အိုင်သပြု အ.ထ.က မှ ကျောင်းအုပ်ဆရာကြီးက ဖြေကြားသည်။

ရေကြီးနစ်မြုပ်မှုကြောင့် အိုင်သပြု အ.ထ.က ၌ ကျောင်းအုတ်တံတိုင်း ပေ(၃၀၀) ကျော်နှင့် ကျောင်းတွင်းလမ်းများပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
“တာအခြေအနေကို (၃၀)ရက်နေ့က သတင်းကြားတယ်။ မြို့နယ်ပညာရေးမှူးက (၃၁)ရက်နေ့မှာ ကျောင်းတွေကို ယာယီပိတ်တဲ့အကြောင်း ကြေငြာပေးခဲ့တယ်။ ကလေးတွေ အားလုံး ဘေးကင်းခဲ့ပါတယ်။ ယာယီကျောင်းပိတ်ခဲ့ရတာ (၃၄)ရက်လောက်ရှိခဲ့တယ်။ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးကို ဦးတည်ပြီး စတင်ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်။ ကျန်တဲ့အတန်းတွေကိုလည်း ရေဘေးအန္တရာယ်ကင်းတာနဲ့ အဆင့်ဆင့်ဆက်လက်ဖွင့်လှစ်ပေးနိုင်ဖို့ စီစဉ်နေပါတယ်”ဟု ကျောင်းအုပ်ဆရာကြီးက ဆက်လက်ဖြေကြားသည်။

အိုင်သပြု အ.ထ.က ၌ Grade (6)မှ Grade (12)အထိ ကျောင်းသား/သူဦးရေ (၁၀၅၉)ဦးရှိပြီး ယခုအခါ တက္ကသိုလ်ဝင်တန်းကျောင်းသား/သူများအား စတင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group