
အီကွေဒေါက မူးယစ်ဆေးဝါးရောင်း၀ယ်မှုနှင့်ဆက်စပ်နေသော အကြမ်းဖက်မှုများဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ပြည်နယ်ရှစ်ခုတွင် အရေးပေါ်အခြေအနေကို စက်တင်ဘာ ၁၅ ရက်တွင် ကြေညာခဲ့သည်။
သမ္မတဒန်နီရယ်နိုဘိုအာက ဂွါယက်အပါအ၀င် ကမ်းရိုးတန်းပြည်နယ်ခုနစ်ခုတွင် အရေးပေါ်အခြေအနေများကို ကြေညာခဲ့သည်။ ဂွါယက်ပြည်နယ်၌ ဂွါယာကေး ဆိပ်ကမ်းမြို့တည်ရှိသည်။ ဂွါယာကေးမြို့သည် အကြမ်းဖက်မှု ထူပြောနေသောဆိပ်ကမ်းမြို့ဖြစ်သည်။အရေးပေါ် အခြေအနေကြေညာခဲ့သည့် ပီချင်ချာပြည်နယ်တွင် အီကွေဒေါမြို့တော်ကွီတို တည်ရှိသည်။
အဇူယေး၊ ဘိုလီဗာ၊ ကိုတိုပါဇီပြည်နယ်တို့ တွင်တည်ရှိသောမြိုသုံးမြိုသည်လည်း အရေးပေါ်အခြေအနေကြေညာသည့်အထဲ ပါ၀င်နေသည်။ စိုးရိမ်စရာကောင်းသော ပြည်တွင်းမငြိမ်မသက်မှုတို့ကြောင့်အရေးပေါ် အခြေအနေကြေညာရခြင်းဖြစ်သည်ဟု အစိုးရကပြောကြားသည်။
အီကွေဒေါသည် မက္ကဆီကို၊ ကိုလံဘီယာ မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ဆက်စပ်နေသောလူဆိုးဂိုဏ်းများဒုက္ခပေးသောကြောင့် နှစ်အနည်းငယ်အတွင်း တောင်အမေရိက ၏ဘေးအကင်းဆုံးနိုင်ငံအဖြစ်မှသည် ကြီးကြီးမားမား ကိုကင်းမှောင်ခိုကူးရာ အချက် အချာနိုင်ငံဖြစ်လာခဲ့သည်။
လွန်ခဲ့သောနှစ်က လူသတ်မှုနှုန်းသည် နေထိုင်သူ ၁၀၀,၀၀၀ လျှင် လူသတ်မှု ၅၁ ကြိမ်ဖြစ်ပွားခဲ့ရာ တစ်နာရီတိုင်းတစ်ဦး အသတ်ခံရသည်နှင့်ညီမျှနေသည်ဟု Insight Crime အန်ဂျီအို၏ထုတ်ပြန်ချက်အရ သိရသည်။
အမေရိကန်ထောက်ခံသော သမ္မတနိုဘိုအာက တရားဥပဒေပြန်လည်စိုးမိုးရန် အရေးပေါ်အခြေနေများနှင့် ကာဖျူးအမိန့်များကို ထပ်တလဲလဲထုတ်ပြန်ခဲ့ပြီး လမ်း များနှင့် ထောင်များတွင် စစ်သားများကို ချထားခဲ့သည်။
Ref:AFP