
အစ္စလာမ်တို့၏ဘာသာရေးမြို့ မက္ကာကို ယီမင်၏ဟူရ်သီသူပုန်များက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းက စက်တင်ဘာ ၁၆ ရက်တွင် စွပ်စွဲလိုက်ပြီး အဆိုပါလုပ်ရပ်ကို မွတ်စလင်ကမ္ဘာ၌ ဒေါသထွက်လျက်ရှိသည်။
နှစ်စဉ် အစ္စလာမ်ဘုရားဖူး သန်းပေါင်းများစွာ လာရောက်ရာ မက္ကာမြို့ဆီသို့ ဦးတည်ပျံသန်းလာသော ဒရုန်းတစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ရီးယာ့ဒ်၏ ထုတ်ပြန်ချက်ကို ဟူရ်သီက "မုသာဝါဒ" ဖြစ်သည်ဆိုကာ ချက်ချင်း ပယ်ချခဲ့သည်။
အီရန်ကျောထောက်နောက်ခံပြု ဟူရ်သီများနှင့် ဆော်ဒီကျောထောက်နောက်ခံပြု ယီမင်အစိုးရတို့ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာမှုကြောင့် ဆော်ဒီအာရေဗျနိုင်ငံပါ စစ်ပွဲတွင် ပါဝင်ပတ်သက်လာခဲ့သည်။ ဟူရ်သီတို့က ပင်လယ်နီရှိ ဆော်ဒီသင်္ဘောများကို ရေကြောင်းပိတ်ဆို့မှု ပြုလုပ်မည်ဟု ကြေညာထားသည်။
ဟူရ်သီတို့ကဆော်ဒီ၏ ရေနံတင်ပို့မှုအတွက်အရေးပါသော ဘတ်အယ်လ်-မန်ဒက်ရေလက်ကြားနှင့် ယီမင်၏ ပင်လယ်နီကမ်းရိုးတန်းတစ်ခုလုံးကို ထိန်းချုပ်ထားသည်။
"မက္ကာမြို့ကို ပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ ယခင်ကတည်းက သုံးစွဲခဲ့ဖူးတဲ့ အလိမ်အညာဟောင်းတစ်ခုပါ။ ဘယ်သူ့ကိုမှ အရူးလုပ်လို့မရတော့ပါဘူး" ဟုဟူရ်သီနိုင်ငံ ရေးဗျူရိုမှ ဟာဇမ်အယ်လ်-အာဆဒ်က X တွင်ရေးခဲ့သည်။
အမည်မဖော်လိုသည့် မက္ကာမြို့နေ ပြည်သူတစ်ဦးက AFP သို့ ပြောကြားရာတွင် "လူအချို့ ထိတ်လန့်တကြားနဲ့ ဘာဖြစ်လဲဆိုတာ ကြည့်ဖို့ ပြတင်းပေါက်ဆီ ပြေးသွားကြတာတွေ့ရတယ်။ သတိပေးစနစ်ကထိတ် လန့်မှုဖြစ်စေတာလို့ ထင်ပါတယ်။ မက္ကာမှာ ပုံမှန်အတိုင်းပဲ သွားလာလှုပ်ရှားနေကြပြီး ယခင်ကလည်း ဒီလိုဖြစ်စဉ်တွေ ရှိခဲ့ဖူးတာကြောင့် ဒါဟာ ပထမဆုံးတော့ မဟုတ်ပါဘူး" ဟု ဆိုသည်။
စောစောပိုင်းပဋိပက္ခတုန်းကလည်း ဟူရ်သီကမက္ကာမြို့ကိုတိုက်ခိုက်ခဲ့သည်ဟု ဆော်ဒီကစွပ်စွဲခဲ့ဖူးသည်။
ဆော်ဒီဦးဆောင်သော မဟာမိတ်အဖွဲ့က "မြင့်မြတ်တဲ့ဗလီနှစ်ခုနဲ့ ဘုရားဖူးတွေရဲ့ လုံခြုံရေးဟာ ကျော်လို့မရတဲ့ အနီရောင်စည်းဖြစ်တယ်" ဟု ဆိုကာ လက်တုံ့ပြန်သွားမည်ဟု ပြောကြားသည်။
"အကြမ်းဖက် ဟူရ်သီလက်နက်ကိုင်အဖွဲ့အပေါ် လိုအပ်သော ဟန့်တားအရေးယူမှုများ ပြုလုပ်ရန် ညွန့်ပေါင်းအဖွဲ့ကတွန့်ဆုတ်နေမှာမဟုတ်ပါဘူး" ဟု ဆိုသည်။
ဆော်ဒီအာရေဗျသည် စက်တင်ဘာ ၁၅ ရက်ကမက္ကာမြို့နှင့် တောင်ပိုင်းဒေသအချို့တွင် ဖြစ်လာနိုင်သော တိုက်ခိုက်မှုများနှင့် ပတ်သက်၍ တိုတိုကျဉ်းကျဉ်းသတိပေး ချက်များ ထုတ်ပြန်ခဲ့သည်။
အမည်မဖော်လိုသည့် အခြားမက္ကာမြို့နေ ပြည်သူတစ်ဦးကလည်း "ကျွန်တော်တို့ ကြောက်ရွံ့ခဲ့ရတာကိုတော့ ဖုံးကွယ်မထားချင်ပါဘူး။ အံ့အားသင့်သွားရတယ်လို့လည်း ပြောလို့ရပါတယ်" ဟု AFP သို့ ပြောကြားခဲ့သည်။
Ref:AFP