







နေပြည်တော်၊ စက်တင်ဘာလ ၁၈
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)ရှိ စုပေါင်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးလွန်းဘော်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌက အဂတိလိုက်စားမှုကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတသော ယှဉ်ပြိုင်လိုစိတ်နှင့် ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာကာ အဖွဲ့အစည်းများ၏ စွမ်းရည်ကျဆင်းခြင်းမှ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါကြောင်း၊ ကောင်းမွန်သော ပြည်သူ့ဝန်ဆောင်မှုများကို ထိခိုက်စေပြီး အစိုးရ အပေါ် ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေခြင်းတို့အပြင် နိုင်ငံတော်အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကြီးတစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးစေကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများ ပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာမှုရှိပြီး ကျောသားရင်သားမခွဲခြားဘဲ မျှတစွာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့် အပြင် လူမှုအသိုက်အဝန်းတွင်လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမည်ဖြစ်သည့်အတွက် နိုင်ငံ့ ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရန် လိုအပ်ပါကြောင်း၊ လူ့အခွင့်အရေးနှင့် အခြေခံရပိုင်ခွင့်များ ဆုံးရှုံးခြင်းကို ဖြစ်ပေါ်စေသောကြောင့် အဂတိကင်းစင်ရေးကို အဓိကတာဝန်ကြီးတစ်ရပ်အဖြစ် နိုင်ငံတကာမှပူးပေါင်းတိုက်ဖျက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိအမြင်ဗဟုသုတများကို သိရှိနားလည်ပြီး မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ကောင်းမွန်သည့် အုပ်ချုပ်ရေးကို ပုံဖော်ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် အရေးပါပါကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများနှင့် အဖွဲ့အစည်းများအတွင်း ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှုဖြင့် အများပြည်သူ၏ ယုံကြည်မှုကို တည်ဆောက်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ကျင့်ဝတ်စည်းကမ်းများနှင့်အညီ လေးစားလိုက်နာဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံ့ပုံရိပ်ကောင်းအောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီက စပြီး ဆောင်ရွက်ကြမည်ဆိုလျှင် အဂတိ ကင်းစင်ပြီး အများပြည်သူဆိုင်ရာအုပ်ချုပ်ရေးမှာ ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှုမြင့်မားသည့်၊ အများပြည်သူ လေးစားရသည့် ဝန်ထမ်းကဏ္ဍဖြစ်လာမှာ ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူများအကြားက ပေါင်းကူးတံတားများဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိတရားများ ကင်းပြီး စည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ကြမှ သာလျှင် ပြည်သူများ၏ ယုံကြည်မှုကို ရရှိမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးဆန်းတင့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေး ဟောပြော ခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ခဲ့ပါသည်။
ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးလွန်းဘော် ဦးဆောင်လျက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ (Corruption Prevention Unit-CPU)၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ တားဆီးဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
#News #Myanmar