
စက်တင်ဘာ - ၁၈ ( သောကြာနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအနေနဲ့ ယူကရိန်းစစ်ပွဲ မပြီးဆုံးသေးခင်မှာတောင် ရုရှားနဲ့ စီးပွားရေးအရ သဘောတူညီချက်တွေ ရယူဖို့ စဉ်းစားနေပါတယ်။ မော်စကိုနဲ့ ဆွေးနွေးတဲ့နေရာမှာ နည်းလမ်းအသစ်တခုအနေနဲ့ ချဉ်းကပ်လာတာဖြစ်ကြောင်း နယူယောက်ခ်တိုင်းမ် သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
ရုရှားနဲ့ ဆက်ဆံရေးအသစ်တဖန် ပြန်စချင်တဲ့ ဝါရှင်တန်ရဲ့ စေတနာအစစ်အမှန်ကို ဒီလိုသဘောတူညီချက်တွေက ပြသနိုင်လိမ့်မယ်လို့ အမေရိကန် အရာရှိတစ်ဦးက သတင်းစာကို ပြောပါတယ်။ ဒီချဉ်းကပ်ပုံဟာ အရင်က ထရမ့်ရဲ့ ရပ်တည်ချက်နဲ့တော့ ကွဲပြားခြားနားနေပါတယ်။
စစ်ပွဲမပြီးခင်မှာ ရုရှားနဲ့ သဘောတူညီချက်တွေ ရယူနိုင်ခြေရှိတယ်ဆိုတာကို ဝါရှင်တန်အနေနဲ့ အခုအခါမှာ လက်ခံလာပြီဖြစ်ကြောင်း ဆွေးနွေးမှုတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်နှစ်ခုက ပြောပြပါတယ်။ သမ္မတရဲ့ အထူးသန့်တမန် စတိဗ် ဝစ်ကော့ဖ် နဲ့ သမ္မတရဲ့ သားမက် ဂျာရက် ကူရှ်နာ တို့ဟာ ရန်လိုတိုက်ခိုက်မှုတွေ ရပ်စဲဖို့ ရုရှားဘက်ကို စိတ်ဝင်စားလာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းအသစ်တွေကို ရှာဖွေနေကြပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ဘယ်လိုသဘောတူညီချက်မျိုးတွေကို ထည့်သွင်းစဉ်းစားနေလဲဆိုတဲ့ အသေးစိတ်အချက်အလက် ကိုတော့ မသိရသေးဘူးလို့ သတင်းစာမှာ ဖော်ပြထားပါတယ်။
Ref: Tass
#News #Myanmar