Myanmar National Post

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတ္တမအကြိမ်မြောက် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၆) ကျင်းပပြုလုပ်















နေပြည်တော်၊ စက်တင်ဘာ ၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သတ္တမအကြိမ်မြောက် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၆) အခမ်းအနားကို ၁၈-၉-၂၀၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားရာ “ယနေ့ အခမ်းအနားသို့ တက်ရောက်လာသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်တောင်းစကားပြောကြားပြီး၊ ပါတီဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလကစလို့ ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၊ ရေတို/ရေရှည် ရည်မှန်းချက်များအား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှုများ၊ အဓိကထားဆောင်ရွက်ခဲ့ရသည့် နယ်ပယ်(၈)ရပ် ကဏ္ဍများ၊ ရက် (၉၀)စီမံချက်၊ ပြည့်မဏ္ဍိုင်စီမံချက်၊ အစိမ်းရောင်စီမံချက်များ ချမှတ်ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲ အောင်မြင်ခဲ့မှုများ၊ ပါတီဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များ၊ အနာဂတ်တွင် ပြည်ခိုင်ဖြိုးပါတီကြီး ဆက်လက်အောင်မြင်မှု ရရှိရေး အတွေ့အကြုံတွေ၊ အားသာချက် / အားနည်းချက်တွေ၊ ပါတီဗဟိုကော်မတီဝင်တွေမှာ ရှိသင့်တဲ့ အရည်အသွေးတွေ၊ အကြံပြုလုပ်ငန်းစဉ်တွေကို အထူးအလေးအနက်ထား ခံယူပြီး မှတစ်ပါးအခြားမရှိတဲ့ ပါတီတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ဖို့ ဝိုင်းဝန်းကြိုးစား ပေးကြရန်” ပြောကြားခဲ့သည်။

ထို့နောက် ဗဟိုကော်မတီအစည်းအဝေး သဘာပတိအဖွဲ့မှ နေရာယူပြီး သဘာပတိအဖြစ် ဗဟိုအတိုင်ပင်ခံ ဦးသိန်းအောင်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးရာဝမ်ဂျုံး၊ ဦးအောင်ချိုဦးတို့မှ ဆောင်ရွက်ခဲ့ကြပြီး သဘာပတိမှ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက “ပါတီ၏ အခြေခံမူဝါဒ သဘောတရားနှင့် ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ ပါတီကော်မတီအဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းရေးလုပ်ထုံးလုပ်နည်းများ”၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းက “တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပါတီကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီးစီးမှုများ”၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက “ လတ်တလောအခြေအနေအရ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖွဲ့စည်းနိုင်ခြင်းမရှိသေးသော ခရိုင်/မြို့နယ် ပါတီကော်မတီများစာရင်းနှင့် ယာယီဖွဲ့စည်းမှုများ၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက “ပါတီညီလာခံသို့တင်သွင်းမည့် စာတမ်း(၅)စောင်ပြုစုရန် အစုဖွဲ့ဖွဲစည်းခြင်းများ”၊ ဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော်က “ယခင်ပါတီဗဟိုကော်မတီဝင်များက ပါတီတာဝန်များ ပြန်လည်အပ်နှင်းခြင်း” တို့အား ဗဟိုကော်မတီအစည်းအဝေးသို့ တင်သွင်းခဲ့ပြီး သဘာပတိနှင့် သဘာပတိအဖွဲ့ဝင်များ၊ တက်ရောက်လာသူများ၏ ရှေ့မှောက်တွင် အတည်ပြုချက်များရယူခဲ့သည်။ 

၎င်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတ္တမအကြိမ်မြောက် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၆)အား ကြွေးကြော်သံများအား သံပြိုင်ကြွေးကြော်၍ နေ့လည် ၁၂ နာရီအချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ပါတီဗဟိုအတိုင်ပင်ခံများ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဖိတ်ကြားထားသောဧည့်သည့်တော်များ၊ ဗဟိုအတွင်းရေးမှူးများနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များ စုစုပေါင်းအင်အား (၄၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar 


မူရင်းသတင်း — Myanmar National Post