Eleven Media Group

■ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ်များ တွေ့ဆုံပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

■ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ်များ တွေ့ဆုံပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

■ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အမြဲတမ်း အလုပ်အဖွဲ့ ကိုယ်စားလှယ် ၁၆ ဦးနှင့် အလှည့်ကျ ကိုယ်စားလှယ် ၁၆ ဦး ရွေးချယ်ထားမှုကို အတည်ပြု


အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ်များ တွေ့ဆုံပွဲ ဒုတိယနေ့ကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးရရှိရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် နိုင်ငံရေး ပါတီများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆွေးနွေးညှိနှိုင်းနိုင်ရန် ရည်ရွယ်၍ နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ ဒုတိယနေ့ကို ယနေ့(စက်တင်ဘာ ၁၈ ရက်)နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်-၂၀၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက်ကျင်းပခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က NSPNC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ဆွေးနွေးမည့် အခြေအနေများ၊ ဆွေးနွေးညှိနှိုင်းမည့် အကြောင်းအရာကိစ္စများ၊ ရှေ့ဆက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားသည်။

ထို့အတူ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း (ငြိမ်း) က နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ရွေးချယ်မည့်ကိစ္စ၊ မဲပေးရွေးချယ်မည့် အစီအစဉ်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီးတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် နိုင်ငံရေး ပါတီများ အစုအဖွဲ့ ၃၂ ပါတီမှ ကိုယ်စားလှယ်များက မဲပေးရွေးချယ်မည့် အစီအစဉ်နှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ရွေးချယ်ရေး သဘာပတိအဖွဲ့အား ဖွဲ့စည်းပြီး နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးအတွက် တက်ရောက်လာသည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များက မဲပေးရွေးချယ်ကြကာ နိုင်ငံရေးပါတီများ အစုအဖွဲ့၏အလုပ်အဖွဲ့ ရွေးချယ်ရေးသဘာပတိအဖွဲ့က နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အမြဲတမ်း အလုပ်အဖွဲ့ ကိုယ်စားလှယ် ၁၆ ဦးနှင့် အလှည့်ကျ ကိုယ်စားလှယ် ၁၆ ဦး ရွေးချယ်ထားမှုကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် တက်ရောက်လာသူများက နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်နိုင်မည့်နည်းလမ်းများ၊ ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများအား ယခင်ပုံစံအတိုင်း ပြန်လည်ရောက်ရှိနိုင်ရေး၊ အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စ ရပ်များ၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများအကြား ဆက်ဆံရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် မပါဝင်လာသေးသည့် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှု မြှင့်တင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ၊ Bilateral တွေ့ဆုံဆွေးနွေးပြီး Ceasefire အားဖော်ဆောင်နိုင်ရေးကိစ္စတို့ကို အကြံပြု ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က နှစ်ရက်တာ ဆွေးနွေးချက်များမှ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဖက်ဒရယ်ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍ၊ Ceasefire နှင့် Political Dialogue တို့၏ဆက်သွယ်မှု၊ ဒေသခံပြည်သူများ၏လုံခြုံရေးနှင့် လူမှု စီးပွားလိုအပ်ချက်များ၊ ငြိမ်းချမ်းရေးအခန်းကဏ္ဍတွင် အမျိုးသမီးများ၏ ပါဝင်နိုင်မှု၊ ယခင်ငြိမ်း ချမ်းရေး ယန္တရားမှ အတွေ့ အကြုံရှိသူများကို ပြန်လည်အသုံးချနိုင်ရေး၊ နိုင်ငံတကာနှင့် သံတမန် ရေးရာ ဆက်ဆံမှုဆိုင်ရာများ၊ လက်ရှိပဋိပက္ခအတွင်းပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့သစ် များနှင့်ဆက်သွယ်နိုင်မည့် နည်းလမ်း များကို ပြန်လည်သုံးသပ်ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်မြတ်ဦး နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ညှိနှိင်းရေးကော်မတီဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အဖွဲဝင်၊ နိုင်ငံရေးပါတီများအစုအဖွဲ ၃၂ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မူရင်းသတင်း — Eleven Media Group