Eleven Media Group

■ NSPNC နှင့် MNDAA တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး MNDAA အဖွဲ့ နိုင်ငံရေးပါတီ တည်ထောင်ပြီး ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ထည့်သွင်းဆွေးနွေး

■ MNDAA ၏ ရေရှည်လိုလားချက်အား နိုင်ငံတော်အစိုးရက ဖြေရှင်းပေးနိုင်သည်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး အပြန်အလှန်နားလည်မှု တည်ဆောက်ရမည်ဟု NSPNC ဥက္ကဋ္ဌ ပြောကြား

■ ငြိမ်းချမ်းသောလမ်းစဉ်ဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဖူလုံရေး စသည့် လုပ်ငန်းများကို တတ်စွမ်းသမျှ ကြိုးစားနေပြီး တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်ကောင်း ဖော်ဆောင်ရန် အထူးလိုလားသည်ဟု ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် MNDAA ပြောကြား

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ (MNTJP/ MNDAA) တို့ စက်တင်ဘာ ၂၄ ရက်က နေပြည်တော်ရှိ Horizon Lake View ဟိုတယ် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိုင်ငံတော်သမ္မတ ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးနောက်ပိုင်း ယနေ့ MNDAA နှင့် တွေ့ဆုံမှုသည် နေပြည်တော်၌ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ လောက်ကိုင်ဒေသ အထူးဒေသ (၁) ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ခဲ့ပြီး အပြန်အလှန်ယုံကြည်မှုများရှိခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်မှစ၍ ပဋိပက္ခများဖြစ်ပွားလာပြီး နောက်ပိုင်းတွင် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဆိုသည့် ဆန္ဒများဖြစ်လာကြကြောင်း ပြောကြားသည်။

နိုင်ငံရေးအရ ဆောင်ရွက်ရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပီပြင်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးအတွက် နည်းလမ်းရှာရမည်ဖြစ်ကြောင်း၊ ကိုးကန့်လူမျိုးများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားများဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပေးထားပြီးဖြစ်ကြောင်း၊ MNDAA ၏ ရေရှည်လိုလားချက်အား နိုင်ငံတော်အစိုးရအနေဖြင့် ဖြေရှင်းပေးနိုင်သည်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး အပြန်အလှန်နားလည်မှု တည်ဆောက်ရမည်ဖြစ်ကြောင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

ယုံကြည်မှုတည်ဆောက်ရေးအတွက် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်မှီခိုမှုရှိရမည်ဖြစ်ကြောင်း၊ ဒေသမတည်ငြိမ်မှုကြောင့် ဒေသခံပြည်သူလူထုများ နစ်နာဆုံးရှုံးရကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်ရန်လိုကြောင်း၊ လတ်တလောတွင် ဆုံးဖြတ်ရန် ခက်သည်များရှိပါက နောင်လာမည့်ဆွေးနွေးပွဲများတွင် ဆက်လက်ဆွေးနွေးပြီး ယုံကြည်မှုတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ယုံကြည်မှုတည်ဆောက်ပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းအား နှစ်ဖက်အဖြေရှာသွားရန်လိုကြောင်း၊ တစ်ဖက်နှင့် တစ်ဖက် လိုလားချက်များအား ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် နှစ်ဖက်အပြန်အလှန် ယုံကြည်မှုတည်ဆောက်ခြင်းဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးစေလိုကြောင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/ MNDAA) မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် MNTJP ပေါလစ်ဗျူရို၊ အထွေထွေအတွင်းရေးမှူး (၂)၊ ဆက်ဆံရေးဌာန ဌာနမှူး ဦးဖုန်ဝင်းနိုင်က နေပြည်တော်သို့ရောက်ရှိပြီး တွေ့ဆုံခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ NSPNC အနေဖြင့် နိုင်ငံတော်ငြိမ်းချမ်းရေးဖော်ဆောင်ရန်နှင့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်စေရန်အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်မှုများကို အထူးကျေးဇူးတင်ကြောင်း၊ အားလုံးပါဝင်နိုင်သည့် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားသည့်ပုံစံဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်သော လမ်းကြောင်းအား အထူးကြိုဆိုကြောင်း ပြောကြားသည်။

ငြိမ်းချမ်းရေးသည် ပြည်သူလူထုတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ကာလကြာရှည် ပဋိပက္ခများကြောင့် ပြည်သူများ အတိဒုက္ခရောက်ရကြောင်း၊ သမိုင်းကိုပြန်ကြည့်ပါက သဘောထားကွဲလွဲမှုနှင့် လက်နက်ကိုင်ပဋိပက္ခများ ပေါက်ဖွားရန်မှာ လွယ်ကူပြီး ငြိမ်းချမ်းရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးများကို ဖော်ဆောင်နိုင်ရန် သက်ဆိုင်သူများအားလုံး၏ သဘောထားကြီးမှုသည် အရေးကြီးပါကြောင်း MNDAA ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးဖုန်ဝင်းနိုင်က ပြောကြားသည်။
ထို့ပြင် လက်ရှိခက်ခဲစွာရရှိထားသော ငြိမ်းချမ်းရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားထိန်းသိမ်းကာကွယ်ရန် တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့် အမြင်ကွဲလွဲမှုများကို ဖြေရှင်းကြရန်၊ အပြန်အလှန်ယုံကြည်မှုများကို တည်ဆောက်မြှင့်တင်ကြရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်နိုင်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေဖန်တီးရန်လိုကြောင်း၊ တွေ့ဆုံဆွေးနွေးသောနည်းလမ်းဖြင့် လက်ရှိရရှိထားသည့် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းကာကွယ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးနိုင်မည်ဟု မျှော်လင့်ကြောင်း MNDAA ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးဖုန်ဝင်းနိုင်က ပြောကြားသည်။

ပြည်ထောင်စုမပြိုကွဲရေးနှင့် တိုင်းရင်းသား တန်းတူညီမျှရေးဟူသော နိုင်ငံရေးရပ်တည်ချက်အပေါ်တွင် ခိုင်မာစွာရပ်တည်လျက် တိုင်းရင်းသားအားလုံး တည်ငြိမ်အေးချမ်းစွာ ပူးပေါင်းနေထိုင်နိုင်သော စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသတည်ထောင်ရေးကို လျှောက်လှမ်းရန် ကိုင်စွဲထားပါကြောင်း၊ ငြိမ်းချမ်းသောလမ်းစဉ်ဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဖူလုံရေး စသည့် လုပ်ငန်းများကို တတ်စွမ်းသမျှ ကြိုးစားလျက်ရှိပြီး တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်ကောင်းဖော်ဆောင်ရန် အထူးလိုလားပါကြောင်း၊ နှစ်ဖက်ကိုယ်စားလှယ်များ အပြန်အလှန်ဆက်သွယ်မှု၊ အမြင်ချင်းဖလှယ်ခြင်းတို့ကြောင့် ဒေသတွင်းတည်ငြိမ်မှု၊ ယုံကြည်မှုများ ခိုင်မြဲမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကျိုးဖြစ်ထွန်းမည့် စီမံကိန်းများအား အားပေးထောက်ခံကြောင်း၊ ရှိရင်းစွဲ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် အပြန်အလှန်ယုံကြည်မှုများကို ခိုင်မာစေပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အတူတကွပူးပေါင်းဖော်ဆောင်ရန် ဆန္ဒအပြည့်အဝရှိကြောင်းနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ပြည်သူလူထုတစ်ရပ်လုံး အတူတကွ အေးချမ်းစွာနေထိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းဖြင့် MNDAA ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးဖုန်ဝင်းနိုင်က ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ အားလုံးပါဝင်နိုင်သည့် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားသောနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ငြိမ်းချမ်းရေးကို ဖန်တီးနိုင်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိစ္စရပ်များ၊ MNDAA ၏ နိုင်ငံရေးတရားဝင်မှုဖြစ်စေရေးနှင့် တိုင်းရင်းသားများ တန်းတူညီမျှရှိရေး၊ နယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နယ်စပ်ဒေသကို ဖြတ်သန်းသည့် စီမံကိန်းများ ဖော်ဆောင်ရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများ တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက်အကြား အပြန်အလှန်ယုံကြည်မှုခိုင်မာစေရေးနှင့် နိုင်ငံရေးပါတီတည်ထောင်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးကိစ္စတို့အား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် လာရောက်တွေ့ဆုံဆွေးနွေးမှု၊ ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များအား ဖော်ဆောင်နိုင်မည့်ကိစ္စ၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဦးတည်ပြီး နှစ်ဖက်ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်များမှတစ်ဆင့် နိုင်ငံရေးနည်းလမ်းနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်နိုင်ရေးကိစ္စနှင့် MNDAA တင်ပြသည့် ဆွေးနွေး ချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန် ညှိနှိုင်းပြီး မှတ်တမ်းအား လက်မှတ်ရေးထိုးအတည်ပြုကြသည်။

ယင်းနောက် MNDAA ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးဖုန်ဝင်းနိုင်က ကျေးဇူးတင်စကားပြောကြားပြီး NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ MNTJP/ MNDAA မှ MNTJP ပေါလစ်ဗျူရို၊ အထွေထွေအတွင်းရေးမှူး (၂)၊ ဆက်ဆံရေးဌာန ဌာနမှူး ဦးဖုန်ဝင်းနိုင်၊ MNTJP ပေါလစ်ဗျူရိုနှင့် နိုင်ငံရေးဌာန ဌာနမှူး ဦးကျင်းရှင်း၊ ဗဟိုကော်မတီဝင်၊ MNDAA စစ်ဦးစီးဌာန ဒုတိယစစ်ဦးစီးမှူး ဦးလီရှိကြဲ၊ ဗဟိုကော်မတီဝင်၊ MNDAA နိုင်ငံရေးဌာန ဒုတိယဌာနမှူး ဦးချားတတ်အန်း၊ ဗဟိုကော်မတီဝင်၊ အထူးဒေသ အရာရှိသင်တန်းကျောင်း ဒုတိယကျောင်းအုပ် ဦးလီဖျင်ယုံ၊ ဆက်ဆံရေးဌာန ဒုတိယဌာနမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဒုတိယဌာနမှူး ဦးလီကြားခွမ်း၊ တပ်မဟာ (၆၁၁) ဒုတိယနိုင်ငံရေးမှူးနှင့် ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ရုံးတာဝန်ခံ ဦးရွှေခိုင်၊ ဗဟိုကော်မတီရုံးအဖွဲ့ဝင် ဦးရန်နိုင်၊ MNDAA နိုင်ငံရေးဌာန စည်းရုံးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးချစ်ကွားရွှင်၊ ဆက်ဆံရေးဌာနရုံးအဖွဲ့ဝင် ဒေါ်ရှဲယွီရှင်း၊ နိုင်ငံရေးဌာနရုံးအဖွဲ့ဝင် ဦးလီဝင်လုံတို့ ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ထားသည်။

မူရင်းသတင်း — Eleven Media Group