Myanmar National Post

ထိုင်းနိုင်ငံသား ၂၆ ဦးပါ ခရီးသွားအဖွဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ လာရောက်လည်ပတ်



တာချီလိတ်၊ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒေသရှိ သဘာဝအလှအပ၊ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားဆွဲဆောင်မှုနေရာများကို ထိုင်းနိုင်ငံမှခရီးသွားလုပ်ငန်းနှင့် မီဒီယာကဏ္ဍများအတွင်း မိတ်ဆက်ပေးနိုင်ရန်နှင့် နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ Adventure Myanmar Tours & Incentives Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံသား ၂၆ ဦးပါ ခရီးသွားအဖွဲ့သည် စက်တင်ဘာ ၂၅ ရက်က တာချီလိတ်နယ်စပ်ဝင်ပေါက်မှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြောင်း သိရသည်။

အဆိုပါအဖွဲ့တွင် Documentary Filmmaker များ၊ Thai PBS TV၊ Tour Company များ၊ Runners အပြေးအားကစားသမားများနှင့် စက်ဘီးစီးအားကစားသမားများတို့ပါဝင်ပြီး ခရီးစဉ်အတွင်း တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်၊ မဟာမြတ်မုနိဘုရားနှင့် တာချီလိတ်ညဈေးတို့ကိုလည်းကောင်း၊ မိုင်းယောင်းမြို့နယ်ရှိ ဒေသခံယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာအထင်ကရနေရာများဖြစ်သည့် ဝပ်ဟိုက်ကုန်းနှင့် ဝပ်ပရာထက်ဟက်လောင်ဂျုံယောင်း ဘုရားကျောင်းများကိုလည်းကောင်း၊ ကျိုင်းတုံမြို့ရှိ သစ်တစ်ပင်တောင်၊ နောင်တုံကန်၊ ကျိုင်းတုံစော်ဘွားဟော်၊ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်၊ မဟာမြတ်မုနိဘုရား၊  ကျိုင်းတုံမြို့မဈေး၊ ဝပ်ဂျုံထောင်နှင့်ဝပ်အင်းတို့အပြင် လွယ်မွေဒေသပန်ကွဲတောင် ဗုဒ္ဓဥယျာဉ်တို့ကိုလည်းကောင်း သွားရောက်‌လေ့လာ လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

ယခုခရီးစဉ်မှတစ်ဆင့် Documentary ရိုက်ကူးသူများနှင့် Thai PBS TV တို့ ပါဝင်သဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၏ သဘာဝရှုခင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ဒေသခံလူမှုဘဝနှင့် ခရီးသွားဆွဲဆောင်မှုများကို မှတ်တမ်းတင်ရိုက်ကူး၍ ထိုင်းနိုင်ငံနှင့် နိုင်ငံတကာ ခရီးသွားများထံ ပိုမိုမိတ်ဆက်နိုင်မည့် အခွင့်အလမ်းတစ်ရပ်ဖြစ်လာနိုင်ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post