
■ ကျောက်ကြီးမြို့နယ်မှ နေရပ်ရှောင်ပြည်သူများ၏ ယာဉ်စာရွက်စာတမ်းများနှင့် ပျောက်ဆုံးပျက်စီးခြင်း၊ သက်တမ်းလွန်ခြင်းများအတွက် ဖြေလျှော့ဆောင်ရွက်ပေးရန်နှင့် ဝန်ဆောင်မှုများကို လွယ်ကူမြန်ဆန်စွာ ရရှိနိုင်ရေးလွှတ်တော်တွင်မေးမြန်း
■ လွှတ်တော်တွင် မေးခွန်းများမေးမြန်းမှုအပေါ် အသုံးအနှုန်းများကို ဂရုပြုရန် ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌ အကြံပြု
စက်တင်ဘာ ၂၄ ရက်နေ့တွင်ကျင်းပသည့် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ် တတိယပုံမှန်အစည်းအဝေး (တတိယနေ့)တွင် ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က “စစ်ဘေးရှောင်ပြည်သူများနှင့် စစ်ဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများ ပိုင်ဆိုင်သည့် လိုင်စင်ရှိမော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၏ စာရွက်စာတမ်းအထောက်အထားများ ပျက်စီး/ပျောက်ဆုံးခြင်း၊ သက်တမ်း လွန်ခြင်း စသည့်ကိစ္စရပ်များအတွက် မည်သို့ဖြေလျှော့ဆောင်ရွက်ပေးသွား မည်ကို သိရှိလိုပါကြောင်း"နှင့် စပ်လျဉ်းသည့်မေးခွန်း မေးမြန်းခဲ့ပြီး မေးမြန်းဖြေကြားမှုအပြီးတွင် မေးခွန်းမေးမြန်းမှုအပေါ် အသုံးပြုသည့် စကားရပ်များနှင့် ပတ်သက်၍ သတိပြုကြရန် ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌက အကြံပြုတိုက်တွန်းခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် နေအိမ်များ မီးလောင်ပျက်စီးခြင်းနှင့် စွန့်ခွာရခြင်းတို့ကြောင့် ယာဉ်မှတ်ပုံတင်စာအုပ်၊ လိုင်စင်စာအုပ်နှင့် ဘီးခွန်မှတ်တမ်းများ ပျောက်ဆုံးခဲ့ရသည့်အပြင် နယ်မြေလုံခြုံရေးနှင့် သွားလာရေး အခက်အခဲများကြောင့် သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးများသို့ သွားရောက်၍ အချိန်မီ သက်တမ်းမတိုးနိုင်ဘဲ ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ သက်တမ်းလွန်နေကြောင်း၊ ထိုသို့ နေရပ်ရှောင်ပြည်သူများ၏ ယာဉ်စာရွက်စာတမ်းများနှင့် ပျောက်ဆုံးပျက်စီးခြင်း၊ သက်တမ်းလွန်ခြင်းများအတွက် ဖြေလျှော့ဆောင်ရွက်ပေးရန်နှင့် ဝန်ဆောင်မှုများကို လွယ်ကူမြန်ဆန်စွာ ရရှိနိုင်ရေး မည်ကဲ့သို့ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း လွှတ်တော်တွင်မေးမြန်းခဲ့ကြောင်း သိရသည်။
အဆိုပါ မေးမြန်းချက်နှင့်ပတ်သက်၍ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွဋ်က ပဲခူးတိုင်းအတွင်း မော်တော်ယာဉ်နှင့် ဆိုင်ကယ် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် မိတ္တူထုတ်ပေးခြင်းများကို ပဲခူးတိုင်းရုံးအပြင် တောင်ငူ၊ ပြည်နှင့် သာယာဝတီခရိုင် ကညနရုံးများတွင် စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယာဉ်မှတ်ပုံတင်စာအုပ် ပျောက်ဆုံးပါက ရဲစခန်းတိုင်ကြားစာဖြင့် ယာဉ်နှင့်အတူ လာရောက်လျှောက်ထားရမည်ဖြစ်ပြီး၊ စိစစ်ပြီးပါက သတင်းစာတွင် ရက်ပေါင်း ၃၀ ကြော်ငြာ၍ ကန့်ကွက်သူမရှိမှသာ မိတ္တူထုတ်ပေးမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် ပျောက်ဆုံးပါကလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံ တိုင်ကြားသည့် အထောက်အထားဖြင့် မိတ္တူလျှောက်ထားနိုင်ကြောင်း ၊ သက်တမ်းလွန်ဒဏ်ကြေးနှင့် ပတ်သက်၍ လက်ရှိတွင် ယာဉ်ငယ်တစ်စီးလျှင် တစ်နှစ်စာ ကျပ် ၅,၀၀၀ နှင့် ယာဉ်ကြီးတစ်စီးလျှင် ကျပ် ၁၀,၀၀၀ သတ်မှတ်ထားပြီး ဒဏ်ကြေးကင်းလွတ်ခွင့် သို့မဟုတ် ထပ်မံဖြေလျှော့ပေးရန် အစီအစဉ် မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
သို့သော် မော်တော်ဆိုင်ကယ်၊ သုံးဘီးနှင့် ထရော်လာဂျီများကို ယာဉ်စစ်ဆေးခြင်း ကင်းလွတ်ခွင့်ပေး၍ သက်တမ်းတိုးပေးနေသည့်အပြင် ယာဉ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းများကို ပိုင်ရှင်ကိုယ်တိုင် လာရောက်ရန်မလိုဘဲ ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်နိုင်ကြောင်းနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ချိန်တွင် ကျောက်ကြီးမြို့နယ်အတွင်း One Stop Service စနစ်ဖြင့် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆက်လက်ဖြေကြားခဲ့သည်။
အဆိုပါမေးခွန်း မေးမြန်းဖြေကြားမှုအပြီးတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးက မေးခွန်းမှာ လိုအပ်ချက်အရ မေးမြန်းသည့် မေးခွန်းကောင်းတစ်ခုဖြစ်သော်လည်း လွှတ်တော်အတွင်း အသုံးပြုသည့် စကားရပ်များနှင့် ပတ်သက်၍ သတိပြုကြရန် အကြံပြုတိုက်တွန်းခဲ့ကြောင်း သိရသည်။
မေးခွန်းနှင့် အကြောင်းပြန်ကြားချက်များ၌ ပါရှိသည့် “စစ်ဘေးရှောင်”၊ “စစ်ဘေးဒဏ်သင့်” စသည့် အသုံးအနှုန်းများနှင့် ပတ်သက်၍ လွှတ်တော်သည် ဥပဒေမူဘောင်အတွင်းမှ ရပ်တည်ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သဖြင့် သက်ဆိုင်ရာ ဥပဒေအတိုင်း ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများ၏ တရားဝင် အသုံးအနှုန်းများကိုသာ သတိပြုသုံးစွဲသင့်ကြောင်း ၊ ပြင်ပတွင် လွယ်ကူစွာ ပြောဆိုသုံးစွဲကြသော်လည်း နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ အကဲဆတ်သည့်အတွက် နောင်တွင် လွှတ်တော်မူဘောင်နှင့် ကိုက်ညီပြီး ပိုမိုသင့်တော်သည့် စကားလုံးများ သုံးစွဲကြရန် လွှတ်တော်ဥက္ကဋ္ဌက အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။