
YBS ယာဉ်မောင်းများ စပယ်ယာတင်ဆောင်၍ မောင်းနှင်ပြီး ယာဉ်စီးခပိုတောင်းပါက ထုတ်ပယ်ယာဉ်လုပ်သားအဖြစ် သတ်မှတ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားထားကြောင််း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။
စက်တင်ဘာ ၂၄ ရက်က YRTC ရုံးချုပ်၌ ပြုလုပ်သည့် ယှဉ်ပြိုင်ကျော်တက်မောင်းနှင်ခြင်း၊ ဘေးတံခါးဖွင့်မောင်းနှင်ခြင်း သုံးကြိမ်အထက် စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
YRTC ၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်က ယာဉ်မောင်းများသည် YBS လောက၏ အဓိကအကျဆုံး ပုဂ္ဂိုလ်များဖြစ်သလို ခရီးသည် ၁ ဒသမ ၇ သန်းခန့်ကို နေ့စဉ်ပို့ဆောင်ပေးနေပြီး ခရီးသွားပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များအား ယာဉ်မောင်းကြီးများ၏ လက်ထဲတွင်ပေး အပ်ထားရခြင်းကြောင့် ယာဉ်လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက်လည်း အဓိကအကျဆုံး ပုဂ္ဂိုလ်များပင်ဖြစ်ကြောင်း၊ ယှဉ်ပြိုင်ကျော်တက်၍မောင်းနှင်ခြင်းနှင့် ဘေးတံခါးဖွင့်မောင်းနှင်ခြင်းတို့ကြောင့် ယာဉ်ပေါ်မှပြုတ်ကျ၍ ခရီးသွားပြည်သူတို့၏အသက်များ ဆုံးရှုံးနေရကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားပါက YRTC မှ ယာဉ်မောင်းနှင်ခွင့်မပြုတော့ဘဲ ရာသက်ပန်ထုတ်ပယ် ယာဉ်လုပ်သားအဖြစ် သတ်မှတ်ပြီး လက်တွဲဖြုတ် သွားမှာဖြစ်ကြောင်း၊ မတော်တဆ ယာဉ်တိုက်မှုဖြစ်လျှင် လူသေဆုံးမှု ရှိမှာမဟုတ်ဘဲ၊ အရှိန်ပြင်းမောင်းနှင်မှသာ လူသေဆုံးမှုဖြစ်ပွားနိုင်ကြောင်း၊ YBS ယာဉ်များသည် ယာဉ်ကြီးများဖြစ် သောကြောင့် လမ်းမကြီးများတွင် စည်းကမ်းဖောက်ဖျက်ပါက ထင်ရှားစွာသိမြင်နိုင်ကြောင်း ပြောကြားသည်။
ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲ၍ ယာဉ်ကိုမောင်းနှင်ခွင့်မပြုကြောင်း၊ စပယ်ယာတင်ဆောင်၍ မောင်းနှင်ပြီး ယာဉ် စီးခပို၍တောင်းခံပါက ထုတ်ပယ်ယာဉ်လုပ်သားအဖြစ် သတ်မှတ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြား ထားပြီးဖြစ်ကြောင်း၊ ယာဉ်မောင်းအား ထုတ်ပယ်ယာဉ်လုပ်သားအဖြစ် သတ်မှတ်မည်ဆိုပါက ပထမဦးစွာ စုံစမ်း စစ်ဆေးရေးခုံရုံးဖြင့် သေချာစွာ စစ်ဆေးမေးမြန်းပြီးမှ တင်ပြလာသည့် အချက်များအား စီမံခန့်ခွဲမှုအစည်း အဝေးတွင် ဝိုင်းဝန်းဆုံးဖြတ်ပြီးမှသာ ထုတ်ပယ်ယာဉ်လုပ်သားအဖြစ် သတ်မှတ်၍ခွင့်ပြုတာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။