
ယာဉ်အို/ယာဉ်ဟောင်းများမှ အစားထိုး လျှပ်စစ်သုံးမော်တော်ယာဉ် တင်သွင်းခွင့် လာရောက်လျှောက်ထားမှုများအနက် လျှပ်စစ်သုံး မော်တော်ယာဉ် ၃၄ စီးအား ယခုလအတွင်း တင်သွင်းခွင့်ပါမစ် ထုတ်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အိုမင်းဟောင်းနွမ်းသော မော်တော်ယာဉ်များသည် စက်သုံးဆီပိုမိုသုံးစွဲရခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုဖြစ်ခြင်း၊ ယာဉ်များ၏ ကြံ့ခိုင်မှု အားနည်းခြင်းသည် ယာဉ်မတော်တဆမှုများဖြစ်ပေါ်ခြင်း ယာဉ်မှပိုမိုထွက်သော မီးခိုးငွေ့များသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေခြင်းတို့ဖြစ်ပေါ်စေခြင်းတို့ကြောင့် ယာဉ်အို/ ယာဉ်ဟောင်းများ ပယ်ဖျက်ရေးနှင့် အစားထိုးလျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေးကြေညာချက်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ၂၀၂၆ ခုနှစ်၊ မေ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးထုတ်ပြန်ပြီးနောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)သို့ အပ်နှံခဲ့သည့် ယာဉ်အို/ယာဉ်ဟောင်းများမှ အစားထိုး လျှပ်စစ်သုံးမော်တော်ယာဉ် တင်သွင်းခွင့် လာရောက်လျှောက်ထားမှုများအနက် လျှပ်စစ်သုံး မော်တော်ယာဉ် ၃၄ စီးအား ယခုလအတွင်း တင်သွင်းခွင့်ပါမစ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)သို့ အပ်နှံထားသည့် လက်ကျန်ယာဉ်များအနက် သတ်မှတ်ချက် များနှင့်အညီ အစားထိုးလျှပ်စစ်သုံးယာဉ် တင်သွင်းခွင့်လျှောက်ထားမှုများကို ဆက်လက်စိစစ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။