Eleven Media Group

■ ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက် "ရာစုနှစ်၏ အကြီးမားဆုံး အလိမ်အညာ" ဟု နေတန်ယာဟုဆို

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုသည် စက်တင်ဘာ ၂၄ ရက်ကကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ဂါဇာကမ်း​မြောင်တွင် အစ္စရေး၏ လုပ်ရပ်များကို လူမျိုးတုံးသတ်ဖြတ်မှုဟု စွပ်စွဲနေကြသည်မှာ "ရာစုနှစ်၏ အကြီးမားဆုံး အလိမ်အညာ" ဟု အခိုင်အမာငြင်းဆိုခဲ့သည်။

နေတန်ယာဟု မိန့်ခွန်းပြောကြားရန် စင်မြင့်သို့ တက်လာချိန် ကိုယ်စားလှယ်အများအပြားက ဆန့်ကျင်သည့်အနေဖြင့် ညီလာခံခန်းမထဲမှ ထွက်ခွာသွားခဲ့ကြသည်။ နေတန်ယာဟုက ယင်းသို့ ထွက်ခွာသွားသူများကို ကိုယ်ကျင့်တရားအရ သူရဲဘော​ကြောင်သူများဟု တိုက်ခိုက်ပြောဆိုကာ အစ္စရေးသည် ညီလာခံမှ ထွက်ခွာသွားသည့် နိုင်ငံများစွာကို ကာကွယ်ပေးနေသည့်နိုင်ငံဟု ပြောဆိုခဲ့သည်။

နေတန်ယာဟုက အီရန်၏ နျူကလီးယားစွမ်းရည်များကို ဖျက်ဆီးရန် တိုက်ခိုက်ခဲ့ခြင်းမှာ ၎င်းချမှတ်ခဲ့သမျှ အလွယ်ကူဆုံး ဆုံးဖြတ်ချက်များထဲမှ တစ်ခုဟု ပြောဆိုခဲ့သည်။ အစ္စရေးကို ကျေးဇူးတင်ကြောင်း သိုသိုသိပ်သိပ် လာပြောကြသည့် ခေါင်းဆောင်များစွာ ရှိသည်ဟုလည်း နေတန်ယာဟုက ဆိုသည်။

အောက်တိုဘာ ၂၇ ရက်တွင် အစ္စရေးရွေးကောက်ပွဲ ကျင်းပရန်ရှိသဖြင့် ယခုမိန့်ခွန်းက ပြည်တွင်းရှိ မဲဆန္ဒရှင်များကို ဦးတည်ပြောဆိုခဲ့ခြင်းဖြစ်သည်။

နေတန်ယာဟုက အနောက်ဘက်ကမ်းဒေသရှိ ပါလက်စတိုင်းသားများအပေါ် အစ္စရေးအခြေချနေထိုင်သူများက အကြမ်းဖက်သည်ဆိုသည့် ဖြစ်စဉ်များကိုလည်း ပယ်ချခဲ့ကာ အနောက်ဘက်ကမ်းတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုအတိုင်းအတာကို ပြည်ပခေါင်းဆောင်များနှင့် နိုင်ငံတကာမီဒီယာများက ပုံဖျက်ဖော်ပြနေကြသည်ဟု မိန့်ခွန်းထဲထည့်ပြောခဲ့သည်။

Ref: AP

မူရင်းသတင်း — Eleven Media Group