Eleven Media Group

■ ထားဝယ်မြို့တွင် PDF များက Grade 7 နှင့် Grade 12 ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးနှင့် အရပ်သားတစ်ဦးကို ဖမ်းဆီးသွားပြီး ​Grade 7 ကျောင်းသား​ ခြောက်ဦးကို ရှာ​ဖွေကယ်တင်နိုင်ခဲ့ကာ ကျန်သူများကို ရှာ​ဖွေ​နေဟုဆို

တနသာင်္ရီ တိုင်း​ဒေသကြီး ထားဝယ်မြို့တွင် PDF များက Grade 7 နှင့် Grade -12 ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးနှင့် အရပ်သား တစ်ဦးကို ဖမ်းဆီးသွားပြီး ​ကျောင်းသား​ခြောက်ဦးကို ပြန်လည်ရှာ​ဖွေ ကယ်တင်နိုင်ခဲ့ကာ ကျန်သူများကို လုံခြုံ​ရေးတပ်ဖွဲ့ဝင်များက ရှာ​ဖွေ​နေ​ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ထားဝယ်မြို့ ၊ ဆင်ဆိပ်ရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသော Grade(7) မှ ကျောင်းသား(၆)ဦးတို့သည် စက်တင်ဘာ ၂၂ ရက်တွင် နံနက်ပိုင်း အတန်းတက် ရောက်ခဲ့ပြီး နေ့လည်ပိုင်းအတန်းချိန်တွင် ပျက်ကွက်လျက်ရှိကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ စုံစမ်းရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့၊ သင်္ကန်းတုန်းကျေးရွာလမ်းဆုံတွင် PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရ သည်။

အဆိုပါဖမ်းဆီးခြင်းခံရသည့် ကျောင်းသားများအား ပြန်လည်ကယ်တင်နိုင်ရေး အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ကျောင်းသား (၂) ဦးအား စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါကျောင်းသားများ၏ ဖြေကြားချက်အရ ၎င်းတို့ (၆)ဦးသည် စက်တင်ဘာ ၂၂ ရက်တွင်ဆိုင်ကယ် ၃ စီးဖြင့် ထားဝယ်မြို့၊ သင်္ကန်းတုန်းကျေးရွာရှိ ရေတံခွန်သို့ သွားရောက် လည်ပတ်ခဲ့စဉ်တွင် PDF အဖွဲ့များက မော်တော်ယာဉ်တစ်စီးဖြင့် အဓမ္မဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပြီး ပကာရီကျေးရွာအုပ်စု၊ ပခပ်ကျေးရွာအနီးရှိ ဥယျာဉ်ခြံအတွင်း၌ ဖမ်းဆီး ချုပ်နှောင် ထားခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသူများအနက် ၎င်းတို့နှစ်ဦးအား စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ပကာရီကျေးရွာအဝင်လမ်းတွင် ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် PDF များ ဖမ်းဆီး ထားသော ကျန်ရှိသည့် ကျောင်းသား ၄ ဦးအား အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင် ရွက်ခဲ့ရာ စက်တင်ဘာ ၂၅ ရက်နေ့နံနက်ပိုင်းတွင် သဗျာကျေးရွာအနီး ပြန်လည်ရှာဖွေတွေ့ရှိခဲ့သဖြင့် ၎င်းတို့၏မိသားစုဝင်များထံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် ထားဝယ်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် Grade -12 မှ မောင်နှိုင်းအံ့ လူအပါအဝင် ကျောင်းသား၊ ကျောင်းသူ (၆) ဦးနှင့် အရပ်သားတစ်ဦးတို့သည် မောင်းမကန်ကမ်းခြေရှိ စားသောက်ဆိုင် တစ်ဆိုင်၌ နေ့လယ်စာစားနေစဉ် PDF အဖွဲ့မှ အင်အား ၁၅ ဦးခန့်သည် အရပ်ဝတ်များဖြင့်ရောက် ရှိလာပြီး မောင်နှိုင်းအံ့လူနှင့်အရပ်သားတစ်ဦးတို့အား အကြောင်းမဲ့ဖမ်းဆီးပြီး လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာဘက်သို့ အတင်းအဇ္စမခေါ်ဆောင် သွားခဲ့ ကြောင်းသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများနှင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group