Eleven Media Group

■ တောင်ငူမြို့တွင် အမှိုက်သိမ်းကား မလုံလောက်သဖြင့် အမှိုက်သိမ်းယာဉ် ထပ်မံဖြည့်တင်းရန် အစီအစဉ်ရှိ၊ မရှိ လွှတ်တော်တွင် မေးမြန်း

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ရပ်ကွက်များအလိုက် တစ်ပတ်လျှင် နှစ်ကြိမ် အမှိုက်များ သိမ်းဆည်းပေးနေသော်လည်း အမှိုက်သိမ်းယာဉ် မလုံလောက်မှုကြောင့် အမှိုက်ပုံများ များပြားနေရာ အမှိုက်သိမ်းယာဉ် ထပ်မံဖြည့်တင်းရန် အစီအစဉ်ရှိ၊ မရှိကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသည့် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ် တတိယပုံမှန်အစည်းအဝေး (စတုထ္တနေ့) ၌ တောင်ငူမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဇော်မင်းက လွှတ်တော်တွင် မေးမြန်းခဲ့ကြောင်း သိရသည်။

တောင်ငူမြို့တွင် ယခင်က အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများကို တစ်ပတ်လျှင် တစ်ကြိမ် ခေါင်းလောင်းတီးစနစ်ဖြင့် ရပ်ကွက်များအတွင်း လိုက်လံသိမ်းဆည်းခြင်းနှင့် စည်းကမ်းမဲ့စွန့်ပစ်ထားသည့် အမှိုက်ပုံများကို ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သော်လည်း အမှိုက်စွန့်ပစ်မှုပမာဏနှင့် သိမ်းဆည်းနိုင်သည့် လုပ်အား မမျှတသဖြင့် စည်းကမ်းမဲ့အမှိုက်ပုံများ တိုးလာခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိတွင် ရပ်ကွက်များအတွင်း ခေါင်းလောင်းတီးစနစ်ဖြင့် တစ်ပတ်လျှင် နှစ်ကြိမ် အမှိုက်သိမ်းဆည်းခြင်း၊ စည်းကမ်းမဲ့အမှိုက်ပုံများ ရှင်းလင်းခြင်းတို့ကို လုပ်အားတိုးမြှင့် ဆောင်ရွက်နေသော်လည်း အမှိုက်သိမ်းယာဉ်များ ချို့ယွင်းမှုဖြစ်ပေါ်ပါက ပြင်ဆင်နေချိန်အတွင်း သတ်မှတ်အမှိုက်သိမ်းလမ်းကြောင်းများ ပျက်ကွက်နိုင်ပြီး အမှိုက်ပုံများ ပြန်လည်ဖြစ်ပေါ်လာနိုင်ကြောင်း၊ ထို့ကြောင့် အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများတွင် ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် အမှိုက်သိမ်း မော်တော်ယာဉ် ထပ်တိုး၍ ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိကို ဦးသန်းဇော်မင်းက လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးနိုင်လင်းဆွေ (ခ) ဦးထွန်းထွန်းဦးက တောင်ငူမြို့ကို သန့်ရှင်းသာယာလှပသည့် Green City, Clean City ဖြစ်လာစေရန် အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်းနှင့် မြို့အတွင်းရှိ လမ်းပေါင်း ၁၇၇ လမ်းကို တစ်ပတ်လျှင် နှစ်ကြိမ် ပုံမှန်အမှိုက်သိမ်းဆည်းနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း ၊ လက်ရှိ တောင်ငူမြို့နယ်စည်ပင်သာယာရေးအဖွဲ့တွင် စကစ်ယာဉ် ၄ စီး၊ Garbage Truck ၂ စီးနှင့် Forland ၂ စီး စုစုပေါင်း အမှိုက်သိမ်းယာဉ် ၈ စီးဖြင့် အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ယာဉ်များကို တစ်ပတ်လျှင် အနည်းဆုံး ၆ ရက်ခန့် မောင်းနှင်အသုံးပြုရသဖြင့် ကြံ့ခိုင်မှုအားနည်းသည့် ယာဉ်များကို မကြာခဏ ပြင်ဆင်အသုံးပြုနေရကြောင်းနှင့် အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများကို အရှိန်မပျက် ဆောင်ရွက်နိုင်ရန်အတွက် လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် Forland အမျိုးအစား အမှိုက်သိမ်းယာဉ်တစ်စီး ဝယ်ယူရန် လျာထားဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

လတ်တလောတွင် တောင်ငူမြို့ အမှတ် (၂၂) ရပ်ကွက်၊ မင်းကြီးညိုရပ်ကွက်၊ ပေါက်လှကြီးလမ်းနှင့် သမိန်ဗရမ်းလမ်းထောင့် ယခင် ချမ်းသာကြီးဆေးတိုက်နေရာ၊ အမှတ် (၁၈) ရပ်ကွက် သပြေစမ်းလမ်းအချို့နေရာများနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနောက်ကျောရှိ အထက (၆) ကျောင်း ရုံးဟောင်းလမ်းနေရာများတွင် အမှိုက်များ စုပုံနေပြီး ကားများ၊ ဆိုင်ကယ်များဖြင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပြစ်ထားခြင်းများကြောင့် အမှိုက်ပုံများ ပိုမိုများပြားလာနေကြောင်း မြို့ခံများထံမှ သိရသည်။

အဆိုပါအမှိုက်ပုံများကြောင့် ယင်ကောင်၊ ခြင်နှင့် အခြားအင်းဆက်ပိုးမွှားများ ပေါက်ဖွားနိုင်ခြင်း၊ အနံ့အသက်ဆိုးများ ဖြစ်ပေါ်ခြင်းတို့ကြောင့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ပြည်သူများ၏ ကျန်းမာရေးအတွက် စိုးရိမ်ရသည့်အခြေအနေ ဖြစ်လာနိုင်ကြောင်း၊ အခွန်အခများ ပေးဆောင်နေရသည့် မြို့သူမြို့သားများအနေဖြင့် ရပ်ကွက်နှင့် လမ်းအလိုက် ကွာခြားမှုမရှိဘဲ အမှိုက်သိမ်းဆည်းရေးဝန်ဆောင်မှုကို ပုံမှန်ရရှိလိုကြောင်း မြို့ခံအချို့က လူမှုကွန်ရက်တွင် ဝေဖန်ပြောဆိုမှုများရှိနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group