Eleven Media Group

ဆီစက်လုပ်ငန်းရှင်များ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေအတွက် ကျပ်သိန်း ၁ဝဝ မှ ကျပ်သိန်း ၅ဝဝဝ အထိ၊ မတည်ရင်းနှီးငွေအတွက် ကျပ်သိန်း ၂ဝဝ မှ ကျပ်သိန်း ၅ဝဝဝ အထိ တစ်နှစ်လျှင် အတိုးငါးရာခိုင်နှုန်းဖြင့် ချေးငွေလျှောက်ထားနိုင်

ဆီစက်လုပ်ငန်းရှင်များ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေအတွက် ကျပ်သိန်း ၁ဝဝ မှ ကျပ်သိန်း ၅ဝဝဝ အထိ၊ မတည်ရင်းနှီးငွေအတွက် ကျပ်သိန်း ၂ဝဝ မှ ကျပ်သိန်း ၅ဝဝဝ အထိ တစ်နှစ်လျှင် အတိုးငါးရာခိုင်နှုန်းဖြင့် ချေးငွေလျှောက်ထားနိုင်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့မှ သိရသည်။

နိုင်ငံတော်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့သည် ပြည်တွင်းရှိဆီစက်များ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီးလည်ပတ်ငွေအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်တို့မှ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို ဖော်ပြပါအချက်များနှင့် ညီညွတ်ပါက လျှောက်ထားနိုင်ကြောင်း သိရသည်။

ယင်းအချက်များမှာ (က) လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက်ဖြစ်ရမည်၊ (ခ) လုပ်ငန်းအမည်ပေါက် လိုင်စင် (သက်တမ်းရှိ) ရှိရမည်၊ (ဂ) ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇)များကို ပေးအပ်နိုင်ရမည်၊ (ဃ) နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိချေးငွေရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက်ထားနိုင်ကြောင်း၊ (င) FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်ရရှိပြီးသူနှင့် သက်ဆိုင်ရာဒေသရှိဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဝင်လုပ်ငန်းရှင်များအား ဦးစားပေးစဉ်းစားမည် စသည်တို့ဖြစ်ကြောင်း သိရသည်။

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအတွက် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များမှာ ချေးငွေပမာဏအနေဖြင့် လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (Working Capital) အတွက်ချေးငွေမှာ (အနည်းဆုံး ကျပ်သိန်း ၁ဝဝ မှ အများဆုံး ကျပ်သိန်း ၅ဝဝဝ အထိ၊ မတည်ရင်းနှီးငွေ (Fixed Capital) အတွက်ချေးငွေမှာ အနည်းဆုံး ကျပ်သိန်း ၂ဝဝ မှ အများဆုံး ကျပ်သိန်း ၅ဝဝဝ အထိဖြစ်ကြောင်း သိရသည်။

ချေးငွေသက်တမ်းနှင့် ပြန်ဆပ်ကာလအနေဖြင့် လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (Working Capital) မှာ ချေးငွေသက်တမ်း တစ်နှစ်ဖြစ်ပြီး မတည်ရင်းနှီးငွေ (Fixed Capital)မှာ ချေးငွေသက်တမ်း သုံးနှစ် (ဆိုင်းငံ့ကာလ တစ်နှစ်၊ ပြန်ဆပ်ကာလ နှစ်နှစ်၊ ခြောက်လတစ်ကြိမ် လေးရစ်ပေးဆပ်ရန်) ဖြစ်ကြောင်း၊ ချေးငွေအတိုးနှုန်း တစ်နှစ်လျှင် ငါးရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားရယူလိုသော ဆီစက်လုပ်ငန်းရှင်များသည် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ဆီစက်ပိုင်ရှင်များ အသင်းရုံးများအားလုံး၊ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးများအားလုံး၊ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနရုံးခွဲများအားလုံး၊ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်နှင့် မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲများအားလုံး၊ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်နှင့် မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအားလုံး၊ ပုဂ္ဂလိကဘဏ် ၁၄ ဘဏ် (ကမ္ဘောဇဘဏ်လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ ယူအေဘီဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် လီမိတက်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် လီမိတက်၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက် (ကျေးလက်နှင့်မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်၊ သတ္ထုဖွံ့ဖြိုးတိုးတက်ရေး ဘဏ်လီမိတက်၊ မြန်မာ့ခရီးသွားဘဏ်လီမိတက်၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ မြန်မာမက်ထရိုဘဏ်လီမိတက်) တို့တွင် လျှောက်ထားနိုင်ကြောင်း သိရသည်။

ဆီစက်ချေးငွေ အဆိုပြုလွှာပုံစံများကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန website www. mofr.gov.mm စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန website https://msmewebportal. gov.mm၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း website http://www.meoma.org၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်် ဆီလုပ်ငန်းရှင်များအသင်း website http://meoda.myanmarwebtraining.com। MEB website www.meb.gov.mm၊ MADB website www.madb.gov.mm တို့တွင် download ရယူနိုင်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့မှ သိရသည်။

မူရင်းသတင်း — Eleven Media Group