Eleven Media Group

■ မွန်ရိုးရာ ဓလေ့တစ်ခုဖြစ်သည့် သင်္ဘောဦး ဆွမ်းကပ်လှူ ပူဇော်ပွဲ  နှင့် ဆွမ်းတော်ကြီးတင်လှူပွဲများ၊ ပျားရည် နှင့် ဆီဆွမ်း လောင်းလှူပွဲများ ကျင်းပ

မွန်ပြည်နယ်နှင့် မွန်တိုင်းရင်းသားများနေထိုင်ကြသည့် ဒေသများအတွင်း တော်သလင်းလဆန်း (၁၄) ရက်နှင့် တော်သလင်းလပြည့်နေ့များ၌ မွန်ရိုးရာဓလေ့တစ်ခုဖြစ်သည့် သင်္ဘောဦးဆွမ်းကပ်လှူပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲများ၊ ပျားရည် နှင့် ဆီဆွမ်းလာင်းလှူပွဲများကျင်းပပြုလုပ်ခဲ့ကြသည်။

စက်တင်ဘာလ (၂၅) ရက် (တော်သလင်းလဆန်း (၁၄) ရက်) နေ့က သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမြို့တွင် ပျားရည်ဆွမ်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် စာရေးတံမဲလှူဒါန်းပွဲကျင်းပပြုလုပ်ခဲ့ပြီး၊ သံဖြူဇရပ်မြို့တွင်လည်း မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အတူ မော်လမြိုင်မြို့နယ် ဖားအောက်တိုက်နယ်အတွင်းရှိ ရိုးဂိုး၊ ဖားအောက်၊ ကော့ခမယ်အစရှိသော ကျေးရွာများအတွင်း မွန်ရိုးရာဓလေ့တစ်ခုဖြစ်သည့် ဆီဆွမ်းလောင်းလှူပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို ဆီဆွမ်းလောင်းလှူပွဲတွင် မော်လမြိုင်မြို့နယ်နှင့် မုဒုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၀၁) ကျောင်းမှ ရဟန်းသံဃာ နှင့် ကိုရင် အပါး (၆၆၁၇) ပါး၊ သီလရှင် (၁၂၉၅) ပါး စုစုပေါင်း (၇၉၁၂) ပါးတို့အား ဆီဆွမ်းများလောင်းလှူခဲ့ကြကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အရင်နှစ်တွေက ဆီဝယ်ယူရတာအခက်အခဲမရှိတော့ ဆီဆွမ်းလောင်းကြသူတွေ များတယ်။ အခုနှစ်က ပြည်တွင်းကဆီကလည်း အကန့်အသတ်နဲ့ဘဲဝယ်ရတယ်။ ထိုင်းနိုင်ငံကဆီကလည်း အဖမ်းအဆီးတွေရှိလို့ ဆီဝယ်ရတာ ခက်ခဲတော့ အရင်နှစ်တွေလောက်မလှူကြရဘူးပေါ့။ ဒါပေမယ့် ခန့်မှန်းချေ ဆီပိဿာချိန် နှစ်သောင်းကျော် လောင်းလှူခဲ့ကြပါတယ်” ဟု ပြောကြားသည်။

ဖားအောက်တိုက်နယ်အတွင်း မွန်ရိုးရာ ဆီဆွမ်းလောင်းလှူပွဲအား ကျင်းပပြုလုပ်လာခဲ့သည်မှာ (၇၇) ကြိမ်မြောက်ရှိပြီးဖြစ်ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

ထို့အပြင် အခြားသော မွန်ဒေသများတွင်လည်း ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲများကျင်းပပြုလုပ်ခဲ့ကြသည့်အပြင် မွန်ရိုးရာဓလေ့တစ်ခုဖြစ်သည့် သင်္ဘောဦးဆွမ်းတင်လှူပူဇော်ပွဲနှင့် လှည့်လည်ပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့ကြသည်။

တော်သလင်းလဆန်း (၁၃) ရက် နှင့် တော်သလင်းလဆန်း (၁၄) ရက်များမှာ င်္ဘောသဏ္ဍာန်ပြုလုပ်ထားသည့် စင်ပေါ်တွင် ဆွမ်း၊ သစ်သီး၊ ကွမ်း၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာ၊ တံခွန်၊ ကုက္ကားများအပြင် အမျိုးအမည် (၁၀၀၀) နီးပါးရှိတဲ့ လှူဖွယ်ဝတ္ထုပစ္စည်းတွေကို တင်လှူကာ မိမိတို့၏ ရပ်ရွာအတွင်း လှည့်လည်ကြပြီးနောက် ဘုန်းတော်ကြီးကျောင်းကို ပြန်လည်ပို့ဆောင်ကြသည်။

ထို့နောက် တော်သလင်းလပြည့်နေ့ နံနက်အာရုံတင်ချိန်တွင် ဘုန်းတော်ကြီးကျောင်းများ၌ သင်္ဘောဦးဆွမ်းနှင့် ဆွမ်းတော်ကြီးတင်လှူပူဇော်ပွဲများ ကျင်းပပြုလုပ်ကြကြောင်း သိရသည်။

“ပုံမှန်ဆိုရင် တော်သလင်းလဆန်း (၁၄) ရက်၊ အဖိတ်နေ့မှာဆိုရင် ရပ်၊ ရွာတွေထဲမှာ သင်္ဘောဦးဆွမ်းလှည့်လည်ပွဲတွေပြလုပ်ကြလေ့ရှိပါတယ်။ နောက်နေ့ တော်သလင်းလပြည့်နေ့မှာဆိုရင်တော့ဆွမ်းတော်ကြီးတင်လှူပူဇော်ပွဲတွေကို ကျင်းပပြုလုပ်ကြလေ့ရှိကြပါတယ်” ဟု ပေါင်မြိုခံ ပြည်သူတစ်ဦးက ပြောကြားသည်။

တော်သလင်းလပြည်နေ့ တွင် သင်္ဘောဆွမ်းတော်ကြီးတင်လှူပူဇော်ပွဲများ ကျင်းပပြုလုပ်ကြသည်မှာ မွန်တိုင်းရင်းသားများ၏ ရိုးရာဓလေ့တစ်ခုဖြစ်ကြောင်းနှင့် ဘိုးဘေးအစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ကျင်းပပြုလုပ်လာခဲ့ကြသည့် ရိုးရာဓလေ့တစ်ခုဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။၎င်းအပြင် တော်သလင်းလပြည့်နေ့၌ စေတီပုထိုးများသို့ သွားရောက်ကာ ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်းများလည်း လုပ်ဆောင်ကြလေ့ရှိကြောင်း သိရသည်။

သင်္ဘောဦးဆွမ်းတင်လှူပူဇော်ပွဲနဲ့ ပတ်သက်၍ မွန်ရာဇဝင်တွင် ဓမ္မစေတီမင်းလက်ထက် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် သီလစင်ကြယ်သော သာသနာပြု ရဟန်းတော်များမွေးထုတ်နိုင်ရန် ကောဇာသက္ကရာဇ် (၈၃၈) ခုနှစ်က သီဟိုဠ်ကျွန်း (သီရိလင်္ကာ) သို့ မွန်သံဃာတော် (၄၄) ပါးကို၊ ရာမဒူတသင်္ဘော နှင့် စိတြဒူတသင်္ဘော နှစ်စီးဖြင့် စေလွှတ်တော်ခဲ့ကြောင်း၊ ထို့နောက် မွန်သံဃာတော် (၄၄) ပါးမှာ သီဟိုဠ်ကျွန်းရှိ ကလျာဏီသိမ်တော်တွင် ရဟန်းအသစ်ခံယူကြပြီး၊ ကိစ္စများပြီးဆုံးသောအခါ အပြန်ခရီးမှာ သင်္ဘောနှစ်စီးအနက် ရာမဒူတသင်္ဘောက ခရိးစဉ်ချောမွေ့စွာ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း၊ စိတြဒူတသင်္ဘော မှာမူ လေပြင်းမုန်တိုင်းမိသဖြင့် လိုရာခရီးသို့ အပြီးမဆိုက်နိုင်ဘဲ၊ အိန္ဒိယနိုင်ငံ ယခင်က မဒရပ် ဟု ယူဆရတဲ့ ဆိပ်ကမ်းကို ရောက်ရှိသွားကြောင်း၊ သင်္ဘောနှစ်စီး၏ အပြန်ကို စောင့်မျှော်ရင်း သင်္ဘောတစ်စီးသာပြန်လည်ရောက်ရှိလာအခါတွင် ဓမ္မစေတီမင်းနှင့် တိုင်းသူပြည်သားများက ရတက်မအေး ပူဆွေးသောကရောက်ကြရသည်။

ပျောက်ဆုံးနေသည့် သင်္ဘောပေါ်တွင် ပါရှိသည့် ရဟန်းတော်များ ဘေးအန္တရာယ်မကျရောက်ရလေအောင် ဓမ္မစေတီမင်းနှင့် တိုင်းသူပြည်သားများက နေ့စဉ် ဝတ်ပြုဆုတောင်းမှုများပြုလုပ်ကြသလို၊ စိတြဒူတသင်္ဘော နှင့် ပုံသဏ္ဍာန်တူ သင်္ဘောတစ်စီးတည်ဆောက်ကြပြီး၊ တော်သလင်းလပြည့်အာရုံတက်ချိန်တွင် ၎င်းသင်္ဘောပေါ်မှာ ဆွမ်း၊ ရေ သစ်သီးဝလံ အစရှိသည့် ဝတ္ထုပစ္စည်းများ စုပေါင်းဖြည့်တင်းပြီးနောက် အတုမရှိဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော်ကိုအာရုံပြု၍ အမျိုးအမည် တစ်ထောင်မကသော ဒါတဗ္ဗဝတ္ထုများဖြင့် ဆွမ်းတော်ကြီး မြတ်စွာဘုရားအား ကပ်လှူပူဇော်ပြီး၊ သီလခံယူဆောက်တည်ခြင်း၊ တရားတော်နာယူခြင်း စတဲ့ ကုသိုလ်ကောင်းမှုအစုစုကို လုပ်ဆောင်နေခဲ့ကြသည်။

ထို့နောက် တော်သလင်းလပြည့်ကျော် (၂) ရက်နေ့အရောက်တွင် စိတြဒူတသင်္ဘော မှာလည်း ကောင်းမွန်စွာဖြင့် ပြန်လည်ရေက်ရှိလာသည့်အတွက် ဓမ္မစေတီမင်းနှင့် တိုင်းသူပြည်သားများ က ဝမ်းမြောက်ဝမ်းသာ ခရီးဦးကြိုဆို ပူဇော်ခဲ့ကြကြောင်းနှင့် သင်္ဘောပျောက်၍ ဘေးအန္တရာယ်ကျရောက်နေသော ရဟန်းသံဃာတော်များကို ဘေးရန်ခပ်သိမ်းကင်းငြိမ်းစေလိုသော ရည်မှန်းချက်ဖြင့် ဆွမ်းတော်ကြီးတင်လှူပူဇော်ပွဲကိုယနေ့ခေတ်အထိတိုင် ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

Photo - CJ

မူရင်းသတင်း — Eleven Media Group