Eleven Media Group

■ မြစ်ကြီးနား-မန္တလေး လေယာဉ်လက်မှတ်ခ ပုံမှန်အားဖြင့် ခြောက်သိန်းကျော်သာရှိသော်လည်း ပြင်ပမှောင်ခိုဈေးကွက်တွင် ကျပ် ၁၅ သိန်းမှ ၁၈ သိန်းအထိရှိနေဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား

■ လေယာဉ်လက်မှတ်ခများ သတ်မှတ်ဈေးနှုန်းထက် ဈေးတင်ရောင်းချသူများအား အရေးယူဆောင်ရွက်ရန် ဒေသခံပြည်သူများနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြောကြား

မြစ်ကြီးနား-မန္တလေး လေယာဉ်လက်မှတ်ခများမှာ ပုံမှန်အားဖြင့် ခြောက်သိန်းကျော်သာရှိသော်လည်း ပြင်ပမှောင်ခိုဈေးကွက်တွင်မူ ကျပ် ၁၅ သိန်းမှ ၁၈ သိန်းအထိရှိနေသည်ဟု မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက ပြောကြားသည်။

စက်တင်ဘာ ၂၅ ရက်က ပြုလုပ်သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပ ဉ္စမနေ့တွင် မြစ်ကြီးနား-မန္တလေး၊ မန္တလေး-မြစ်ကြီးနား လေယာဉ်ခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးနိုင်ရေးနှင့် လေယာဉ်လက်မှတ်ခနှုန်းထားများ မှောင်ခိုဈေးကွက်ပပျောက်ရေး ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/ မရှိ မေးမြန်းရာ၌ ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ယခင်က မြစ်ကြီးနားမြို့သို့ မန္တလေး-မြစ်ကြီးနား ရထားဖြင့်လည်းကောင်း၊ မန္တလေး-ရွှေဘို-မြစ်ကြီးနား မော်တော်ကားလမ်းဖြင့်လည်းကောင်း၊ မန္တလေး-ဗန်းမော်-မြစ်ကြီးနားသို့ ရေကြောင်းလမ်း၊ မော်တော်ကားလမ်းတို့ဖြင့်လည်းကောင်း ပြည်သူများအနေဖြင့် ကုန်စည်စီးဆင်းမှု၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အခြားသော လူမှုစီးပွားများအတွက် အဆင်ပြေစွာ သွားလာနိုင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဖြစ်စဉ်များကြောင့် မန္တလေး-မြစ်ကြီးနား ရထားပြေးဆွဲခြင်း ရပ်ဆိုင်းသွားခဲ့သည်မှာ ယနေ့အထိဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက ပြောကြားသည်။

ထို့အတူ မန္တလေး-ရွှေဘို-မြစ်ကြီးနား မော်တော်ကားလမ်းသည်လည်း တိုက်ခိုက်မှုများအကြား သွားလာရဖြစ်၍ ဒေသခံများအနေဖြင့် အသက်ကို အပေါင်ထားပြီး ရက်ရှည်ခရီးသွားရမည်ဖြစ်ရာ မသွားရဲ မလာရဲဖြစ်ပြီး ကချင်ပြည်နယ်ရှိ ဒေသခံပြည်သူများ လေကြောင်းလိုင်းတစ်ခုတည်းကိုသာ အားကိုးသွားလာနေရကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် တနင်္လာနေ့နှင့် ကြာသပတေးနေ့တွင် မန်းရတနာပုံလေကြောင်းလိုင်း၊ စနေနေ့တွင် Air Than Lwin လေကြောင်းလိုင်း၊ သောကြာနေ့နှင့် အင်္ဂါနေ့တွင် MAI လေကြောင်းလိုင်း၊ တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တွင် MNA လေကြောင်းလိုင်းတို့ ပြေးဆွဲပျံသန်းပေးလျက်ရှိသော်လည်း နေ့စဉ် လေယာဉ်တစ်စီးသာ ပြေးဆွဲပျံသန်းသဖြင့် ခရီးသွားပြည်သူများ ပိုမိုသွားလာနိုင်မှုမရှိခြင်းကြောင့် အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရသူများ များစွာ ဒုက္ခကြုံတွေ့နေရကြောင်း၊ အချို့မှာ အချိန်မီ ဆေးဝါးကုသခွင့်မရသဖြင့် အသက်ပါ ဆုံးရှုံးရသည့် အခြေအနေမျိုးနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ပြောကြားသည်။

“ဒီလို လေယာဉ်တစ်စင်းတည်း ပြေးဆွဲပျံသန်းနေရတဲ့အတွက်ကြောင့်လည်း လေယာဉ်ခ နှုန်းထားများဟာ အဆမတန် ကြီးမြင့်မှုနဲ့ ကြုံတွေ့နေရပါတယ်။ သာမန်အားဖြင့် မြစ်ကြီးနား-မန္တလေး လေယာဉ်ခဟာ ငွေကျပ် ၆ သိန်း ၅ သောင်းကျော်သာရှိပြီး ပြင်ပဈေးကွက်မှာ ငွေကျပ် ၁၅ သိန်းမှ ၁၈ သိန်းအထိ ပေးဝယ်နေကြရပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက ပြောကြားသည်။

ထို့ကြောင့် မန္တလေး-မြစ်ကြီးနား၊ မြစ်ကြီးနား-မန္တလေး လေယာဉ်ခရီးစဉ် တိုးချဲ့ပျံသန်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် လေယာဉ်ခ နှုန်းထားများအား ပြင်ပပေါက်ဈေး မှောင်ခိုဈေးကွက်ဖြင့် ဈေးနှုန်းကြီးစွာ ဝယ်ယူနေမှုအား မည်သို့ထိန်းချုပ်သွားမည့် အစီအစဉ်အား သိရှိလိုပါကြောင်း ၎င်းက မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းမှုနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် မြစ်ကြီးနားမြို့သို့ လေကြောင်းလိုင်း ၅ လိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မအမျိုးသားလေကြောင်း၊ မင်္ဂလာလေကြောင်း၊ Air Than Lwin လေကြောင်းနှင့် မန်းရတနာပုံလေကြောင်းတို့မှ တစ်ရက်လျှင် ၂ ကြိမ်နှုန်းဖြင့် ပျံသန်းပေးလျက်ရှိရာ ခရီးသွားလာမှု ပိုမိုအဆင်ပြေစေရန်အတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လေကြောင်းလိုင်း တစ်လိုင်းမှ ၁ ကြိမ်နှုန်းဖြင့်လည်းကောင်း၊ အပတ်စဉ် သောကြာနေ့တိုင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ၁ ကြိမ်နှုန်းဖြင့်လည်းကောင်း ထပ်မံတိုးမြှင့်ပြေးဆွဲရန် စီစဉ်ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောကြားသည်။

“ဒါကြောင့်လည်း ဒီနေ့အချိန်အခါမှာဆိုရင် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေနေ့များမှာ တစ်ရက်ကို ၂ ကြိမ်ဆင်း ၂ ကြိမ်တက် ၅ ရက်ဖြစ်ပါတယ်။ ဗုဒ္ဓဟူး၊ သောကြာနေ့များမှာ ၃ ကြိမ်ဆင်း ၃ ကြိမ်တက် ၂ ရက်ဖြစ်တဲ့အတွက်ကို ၇ ရက် တစ်ပတ်ကို ၁၆ ကြိမ်ဆင်း ၁၆ ကြိမ်ပြန်တက် ပြေးဆွဲပေးလျက်ရှိကြောင်း တင်ပြအပ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောကြားသည်။

လေယာဉ်လက်မှတ်ခ နှုန်းထားများနှင့်ပတ်သက်၍ လေယာဉ်လက်မှတ်ခများအား ခရီးသွားပြည်သူများ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် လေယာဉ်ဆီဈေးနှုန်း အတက်အကျပေါ် မူတည်၍ မန္တလေး-မြစ်ကြီးနား ခရီးစဉ်ကို အချိန်နှင့်တပြေးညီ လေကြောင်းလိုင်းများကလည်း ပြောင်းလဲပြင်ဆင် သတ်မှတ်ရောင်းချပေးနေကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် လေယာဉ်လက်မှတ်ခနှုန်းထားများ မှောင်ခိုဈေးကွက်ဖြစ်ပေါ်နေမှုအား ထိန်းချုပ်နိုင်ရေးအတွက် လေယာဉ်လက်မှတ်ခနှုန်းထားများ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချနေသည့် မည်သူ့ကိုမဆို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို နိုင်ငံပိုင်သတင်းစာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့တွင် ထုတ်လွှင့်ကြေညာပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“လေယာဉ်လက်မှတ်ခများအား သတ်မှတ်ဈေးနှုန်းထက် ဈေးတင်ရောင်းချသူများအား အရေးယူဆောင်ရွက်ရန်အတွက်ကို ဒေသခံပြည်သူများအနေနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့မှ ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက ဆက်စပ်မေးခွန်း မေးမြန်းရာတွင် ၎င်းတို့ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် လွှတ်တော်အစည်းအဝေး တက်ရောက်ရန် စက်တင်ဘာ ၁၄ ရက်တွင် လေယာဉ်လက်မှတ်ဝယ်ယူခဲ့ကြောင်း၊ ထိုသို့ ဝယ်ယူစဉ် လေကြောင်းလိုင်း၌ စက်တင်ဘာ ၁၅ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ လက်မှတ်များ ရောင်းကုန်ပြီဟု ရေးသားထားကြောင်း၊ ထို့ကြောင့် အဆိုပါ ၄၅ ရက်အတွင်း ခရီးသွားလိုသည့် ဒေသခံများအနေဖြင့် အခက်အခဲဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

တစ်ဖန် လေယာဉ်လက်မှတ်သည် ရုံးချုပ်ကလည်း မရောင်းသကဲ့သို့ ဝက်ဘ်ဆိုက်ကလည်း မရောင်းဟုဆိုသော်လည်း လေယာဉ်ပျံတက်သည့်အခါ ခရီးသည်အပြည့်ဖြင့် ထွက်ခွာသွားခြင်းများ ကြုံတွေ့ရကြောင်း၊ အွန်လိုင်းမှဝယ်ယူသည့်အခါ အလိမ်ခံရခြင်းများ ကြုံရကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ကြောင့် လေယာဉ်လက်မှတ်ရောင်းသော အေဂျင်စီများအား ပြန်လည်လုပ်ကိုင်ခွင့်ပြုပါက မှောင်ခိုဈေးကွက် နည်းပါးသွားနိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

ထိုသို့ ဆက်စပ်မေးခွန်းအပေါ် “ကျွန်တော်တို့ အေဂျင်စီတွေ ပြန်လည်ပေးထားဖို့ဆိုတာလည်း ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ဝန်ကြီးဌာနလည်း အသေးစိတ် စုံစမ်းမေးမြန်းပြီးတော့ အသေးစိတ် သုံးသပ်နေပါတယ်။ အေဂျင်စီကြောင့်လည်း မှောင်ခိုဖြစ်သလို အေဂျင်စီကလည်း ဌာနပိုင်ကြောင့် မှောင်ခိုဖြစ်တယ်။ ဌာနက လူတွေကလည်း အေဂျင်စီကြောင့် မှောင်ခိုဖြစ်တယ်လို့ အပြန်အလှန် ပြောဆိုနေကြတာတွေလည်း အများကြီးရှိပါတယ်”ဟု ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောကြားသည်။

ယင်း၏ အဓိကပြဿနာသည် လေယာဉ်စီးနင်းလိုသူ များပြားခြင်းနှင့် လေယာဉ်လုံလောက်မှုမရှိခြင်းကြောင့်ဟု ဒုတိယဝန်ကြီးက ပြောကြားခဲ့ပြီး လက်ရှိ မြစ်ကြီးနား၌ တစ်ပတ်လျှင် လေယာဉ်ခရီးစဉ် ၁၆ ကြိမ် ပျံသန်းပြေးဆွဲမှုသည် ဝန်ကြီးဌာန၏ ကြတ်မတ်မှုကြောင့်ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် လတ်တလောတွင် ဝန်ကြီးဌာန၏ ကြီးကြပ်ကူညီမှုဖြင့် အေဂျင်စီကို လေယာဉ်လက်မှတ်ရောင်းချခွင့် မပေးသေးဘဲ ဌာနမှ ရောင်းချသည့်အစီအစဉ်ဖြင့် စတင်ရောင်းချနေခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အားလုံးကို စိစစ်သုံးသပ်ပြီး၍ လေကြောင်းလိုင်းများနှင့် ညှိနှိုင်း၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group